
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၀ ရက်
စစ်ကောင်စီက တရုတ်နိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်နေပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံရန် တရုတ်ကိုဖိတ်ခေါ်ပြီး နယ်စပ်ကုန်သွယ်ရေးဇုန် အဆင်မြှင့်တင်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က ပြောကြားသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲ၊ ထိန်ချုံးမြို့၌ ကျင်းပခဲ့သည့် ကုန်စည်ပြပွဲတွင် ၎င်းက ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။
ကချင်ပြည်နယ်ရှိ ကန်ပိုက်တီးနယ်စပ်ဂိတ် (ကုန်သွယ်ရေးဇုန်) နှင့် ထိန်ချုံး- ဟိုချောင် – မြစ်ကြီးနားကား လမ်းအဆင့်မြှင့်တင်ပြီး ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန် ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က ဆိုသည်။
မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍ အပါအဝင်လုပ်ငန်းကဏ္ဍ အများအပြားမှာ လာရောက် ရင်းနှီးမြှုပ် နှံနိုင်ရန်၊ ကုန်သွယ်မှုတိုးမြှင့်နိုင်ရန်အပါဝင် ပုဂ္ဂလိကကဏ္ဍကိုကိုယ်စားပြုထားသည့် ကုန်သည်အသင်းအဖွဲ့ အချင်းချင်းပူးပေါင်းဆောင်ရွက်လိုကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ဆိုသည်။
“ မြန်မာနိုင်ငံရဲ့အဓိက ထွက်ကုန်ဖြစ်တဲ့ စိုက်ပျိုးရေးထွက်ကုန်အများစုကို တရုတ်ပြည်ကို တင်ပို့ရတာ ဖြစ်တယ်။ ယူနန်က မြန်မာအတွက် ကုန်သွယ်အမှုအရော စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ရော အရေးပါ ပါတယ်” ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားသည်။
တရုတ်ပြည်သို့ ပို့ကုန်တိုးမြှင့်တင်ပို့ရာတွင် သွင်းကုန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင်ရန် ယူနန်ပြည်နယ် အထွေထွေကုန်သည်များအသင်း (YPGCC) က ကူညီဆောင်ရွက်စေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာ – တရုတ် စီးပွားရေးစင်္ကြလမ်း (CMEC) သဘောတူညီချက်ကို အဆင်မြှင့်တင်ပြီး စွမ်းအင်နှင့် သတ္တုကဏ္ဍ၊ သဘာဝဘေးအန္တရာယ်လျော့ချရေး ၊ ခရီးသွားလုပ်ငန်း၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် ယူနန်ရှိ စက်မှုနှင့် စီးပွားရေး လုပ်ငန်းရှင်များကို ခေါ်ဆောင်လာပြီး စီးပွားရေး ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ယူနန်ပြည်နယ် အထွေထွေကုန်သည်များအသင်း ဥက္ကဋ္ဌ Dr. Gao Feng က ပြောကြားသည်။
တရုတ်-မြန်မာ အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ဆက်သွယ်ရေး လမ်းကြောင်းများချဲ့ထွင်ပြီး ကုန်သွယ်မှုမြှင့်တင်ရန်၊ သတင်းအချက်အလက်များ ဖလှယ်နိုင်ရန် ၊ ဆိပ်ကမ်းစီးပွားရေး၊ ဆန်ထောက်ပံ့ရေး၊ ဓါတ်မြေဩဇာထောက်ပံ့ရေး၊ လယ်ယာထွက်ကုန်တင်ပို့ရေး၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတို့တွင် ပူးပေါင်း ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ယူနန်ပြည်နယ်၏ ပထမအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး သွင်းကုန် တန်ဖိုးမှာ တရုတ်ယွမ်ငွေ ၄၉.၄၄ ဘီလီယံရှိပြီး ငွေကြေးကဏ္ဍမဟုတ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၉၀ ကို ၂၀၂၀ခုနှစ်အထိတည်ထောင်ထားကြောင်း သိရသည်။
ဓာတ်ပုံ-UMFCCI ,MOFA
#တရုတ်ရင်းနှီးမြှပ်နှံမှုဖိတ်ခေါ် #ကန်ပိတ်တီးအဆင့်မြှင့် #ယူနန် #Ayeyarwaddy_Times