ဗွီအာတီ/ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဇူလိုင်လ ၂၁ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဒေဿခံပြည်သူတွေရဲ့ နေအိမ် ၂၉ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စစ်ကောင်စီတပ်သားတွေက အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလပိုင်းကနေစတင်ကာ ဖလမ်းမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ဖျက်ဆီးမီးရှို့တာတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ မနှစ်က အောက်တိုဘာလထဲကစရှို့တာ အားလုံးအရှို့ခံရတာ ၂၉ လုံးရှိတယ် ရွာထဲမှာ အားလုံး ၇ လုံးပဲ ကျန်တယ်”လို့ တားလ်ကျေးရွာနေပြည်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်က ဖလမ်းမြို့နယ်ကို စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့တာကြောင့် တားလ်ကျေးရွာမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ၁၂ လုံး မီးရှို့ခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ ၁၇ လုံး မီးရှို့ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ဖလမ်းမြို့နယ်အတွင်းက တားလ်ကျေးရွာမှာ ဒေသခံပြည်သူတွေ နေအိမ်စုစုပေါင်း ၃၆ အိမ်၊ ဘုရားကျောင်း ၁ ကျောင်းနဲ့ စာသင်ကျောင်း ၁ ကျောင်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်စီးမှုကြောင့် တားလ်ကျေးရွာမှာ ဘုရားကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်းနဲ့ လူနေအိမ် ၄ လုံးသာကျန်ရှိတော့တာကြောင့် ဒေသခံပြည်သူတွေ စုပေါင်းပြီး ဇူလိုင်လ ၂၀ ရက်နေ့က သန့်ရှင်းရေးပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။