
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၁ ရက်
သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်နစ်နာမှုအများဆုံးဖြစ်ပွားရသော မြန်မာနိုင်ငံတွင် စစ်တပ်အာဏာ သိမ်းပြီးနောက် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် အာဏာသိမ်း စစ်ကောင်စီ၏ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုများ လွန်စွာနှောင့်နှေးကြောင်း သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးလုပ်ဆောင်ခဲ့သူများထံက သိရသည်။
စစ်ကောင်စီသည် သဘာဝဘေးအန္တရာယ်ကျရောက်မည့် ရေလွှမ်းမိုးနိုင်သော အခြေအနေကို ကြိုတင်ခန့်မှန်းသိရှိသော်လည်း ကြိုတင်သတိပေးသည့် စနစ်အားနည်းခြင်း၊ ပြည်သူလူထုကြားသိမြင်နားလည်မှုနည်းခြင်း၊ ကာကွယ်စောင့်ရှောက်မှုအပါအဝင် အရေးပေါ်တုံ့ပြန်ရာတွင်စနစ်တကျမရှိခြင်းများကို တွေ့ရကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး လုပ်ဆောင်ခဲ့သူများက ဝေဖန်ပြောဆိုသည်။
“အခုလို သဘာဝဘေးတွေ ရေကြီးရေလျှံတာတွေအတွက် ကြိုတင် ကာကွယ်ဖို့ နည်းလမ်းတွေရေးဆွဲထားပြီးသား DRR ရှိတယ်။ အဲဒီအတိုင်းလုပ်ဖို့လိုတယ်။ အခုက ဘယ်သူမှမလုပ်ကြဘူး” ဟု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး လုပ်ဆောင်ခဲ့သူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံတွင် သဘာဝဘေးကျရောက်နိုင်သည့်နေရာများကို မြေပုံရေးဆွဲထားခြင်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးလုပ်ငန်း စီမံချက် (MAPDRR) ၂၀၁၇ ခုနှစ် မှ ၂၀၃၀ ပြည့်နှစ် အထိ နှစ်အပိုင်း အခြားလိုက်စီမံချက်များရှိပြီး ယင်းအတိုင်းလုပ်ဆောင်ရန်လိုကြောင်း သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေး လုပ်ငန်းတွင် ပါဝင်သူတစ်ဦး ထံက သိရသည်။
ရာသီဥတုပြောင်းလဲခြင်းကြောင့် မြန်မာနိုင်ငံတွင် မုတ်သုံပြောင်းလဲမှုဖြစ်ပေါ်လာကာ မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာ၍ အချိန်တိုအတွင်း မိုးသည်းထန်စွာသွန်းသဖြင့် မြစ်ရေပြည့်ကာ ရေလွှမ်းမိုးခြင်းအပြင် တောင်ကျချောင်းရေကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေးပညာရှင်များထံက သိရသည်။
လက်ရှိ ပဲခူးတိုင်းတွင် အောက်တိုဘာ ၈ ရက်နေ့မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြင့်တက်ခဲ့ပြီး ပဲခူးမြို့တစ်မြို့လုံးနီးပါး သုံးရက်ကျော်ကြာ ရေလွှမ်းမိုးခံနေရပြီး နေအိမ်များ၊ စပါးခင်းများနစ်မြုပ်လျက်ရှိသည်။
ဒေသတွင်း သတင်းအချက်အလက်များအရ လူပေါင်း ၇၀၀၀၀ ခန့် ရေဘေးသင့်ကာ ကူညီထောက်ပံ့မှုပေးရန် လိုအပ်ချက်များစွာရှိနေပြီး စစ်ကောင်စီ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီး ဌာနက ပဲခူးရှိ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၃၅ ခုတွင် အိမ်ထောင်စု ၃၄၆၅ စုမှ လူဦးရေ ၁၄၃၀၄ ဦးအတွက် ဆန်ရိက္ခာဖိုးငွေ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်များထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ဖောင်ကြီးတွင် ငမိုးရိပ်ဆည်ပြည့်ကာ ရေပိုလွှဲများ ရေကျဆင်းမှုကြောင့် ရပ်ကွက်တချို့ရှိလူနေအိမ်များနစ်မြုပ်လျက်ရှိသည်။
ထို့ပြင်ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းကာ တောင်ကျ ချောင်းရေများ ကျဆင်းလာပြီး ရပ်ကွက်တချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း မြို့ခံများထံက သိရသည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၏ နေရာတွင် ဒေါက်တာစိုးဝင်း ကို ပြောင်းလဲ ခဲ့သော်လည်း သဘာဝဘေးအရေးကိစ္စများစီမံရာတွင် ထူးခြားလာခြင်းများရှိမလာကြောင်း သိရသည်။
“ အခုလူတွေ အသုံးမကျလို့ ဝန်ကြီး ဆိုတဲ့သူကလည်း ဘာမှမသိဘူး။ ထိုင်ခုံရူးရူးနေတာ။ ဌာနဆိုင်ရာလူတွေကလည်း ခိုင်းမှလုပ်တဲ့အဆင့်၊ မခိုင်းရင်မလုပ်ဘူး။ ပြန်မပြောရဲဘူး။ ဌာနဆိုင်ရာမှာ ပညာရှင်အစစ်မှာမရှိတာ” ဟု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး လုပ်ငန်းတွင် ပါဝင်ခဲ့သူက ဧရာ၀တီတိုင်းကိုပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်ခဲ့သည့် မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများကို ကူညီစောင့်ရှောက်မှု၊ ထောက်ပံ့မှုပြည့်စုံစွာ လုပ်ဆောင်ပေးနိုင်ခြင်းမရှိသည့်အပြင် နိုင်ငံတကာမှပေးအပ်မည့် အကူအညီများကိုလည်း စစ်ကောင်စီက ပိတ်ပင်ခဲ့သည်။
ပြီးခဲ့သည့် အရပ်သားအစိုးရ NLD လက်ထပ်တွင် မိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်စဉ်များ နှစ်စဉ်ဖြစ်ပေါ်လာသဖြင့် နိုင်ငံတော်ဘတ်ဂျက်ခွဲဝေရာတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအတွက် တိုင်းနှင့်ပြည်နယ်များထံ ရန်ပုံငွေခွဲ ဝေပေးပြီး အလျင်အမြန်တုံ့ပြန်စေခဲ့သည်။
သဘာဝဘေးအန္တရာယ်ကျရောက်မှုအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပဲခူးတိုင်း၊ ၂၀၁၉ တွင် မွန်ပြည်နယ်၊ ၂၀၂၀ ပြည့်နှစ်တွင် ဧရာဝတီတိုင်း နှင့် ၂၀၂၁ ခုနှစ်တွင် မကွေးတိုင်းတို့၌ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။
ဓာတ်ပုံ – MFS
ပုံစာ-ပဲခူးမြို့ ရေကြီးမှုမြင်ကွင်း
#သဘာဝဘေးအန္တရာယ်ကျရောက် #စစ်ကောင်စီကြိုတင်ပြင်ဆင်မှု #တုံ့ပြန်မှု #နှောင့်နှေး #Ayeyarwaddy_Times