
ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ အောက်တိုဘာလ ၇ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်မှ စတင်ပြီး ညောင်လေးပင်-နေပြည်တော် ရထားလမ်းတစ်လျှောက်ကို ယခုအောက်တိုဘာလ အစောပိုင်းက စတင်၍ ခံစစ်ပြင်ဆင်မှုများပြုလုပ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
စစ်ကောင်စီသည် ညောင်လေးပင်-နေပြည်တော် ရထားလမ်းတစ်လျှောက် လျှပ်စစ် ရထားစီမံကိန်းအတွက် ပြင်ဆင်မှုများပြုလုပ်နေပြီး ယခုအခါနေပြည်တော်ကို ကာကွယ်ရန် အတွက် အဆိုပါပြင်ဆင်မှုများကိုရပ်နားကာ ရထားလမ်းတစ်လျှောက်တွင် သဲအိတ်များချ၍ ခံစစ်ပြင်ဆင်မှုများကို ဦးစားပေးလုပ်ဆောင်နေကြောင်း သိရသည်။
“လမ်းတစ်လျှောက်လုံးမှာ သူတို့လုပ်နေတာ။ စလုပ်တာက လျှပ်စစ်ရထားစီမံကိန်း ပရောဂျက် အတွက်ဆိုပြီး ကျောက်တွေပုံပြီး မီးတိုင်တွေထောင်တာ။ အဲ့တာ ဟန်ပြ လုပ်တာပဲ။ အခုလက်ရှိလုပနေတာတွေကိုရပ်ပြီး ခံစစ်ပုံစံ စလုပ်နေတာ။ စစ်ရေးအရ အချက်အခြာကျတဲ့နေရာတွေ၊ မြို့နဲ့နီးတဲ့နေရာတွေ၊ စာသင်ကျောင်းတွေကအစ ဘန်ကာ တွေခံထားတယ်။ အခုမြို့တွေကိုဆိုရင် ခံစစ် နှစ်ထပ်တောင် ခံထားတယ်လို့ သိရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့်ပူးပေါင်းတပ်ဖွဲ့ များသည် ထိန်းချုပ်နယ်မြေများကို တိုးချဲ့လာနေပြီး စစ်ကောင်စီ၏ ရန်ကုန်-နေပြည်တော်အကြား သယ်ယူပို့ဆောင်ရေးတွင် အဓိကကျသည့် ရထားလမ်းနှင့် ကားလမ်းကိုပါ တိုက်ရိုက် ခြိမ်းခြောက်လာနိုင်ပြီဖြစ်ကြောင်း KPSN၏ အစီရင်ခံစာ အရသိရသည်။
“သူတို့(စစ်ကောင်စီ)ရဲ့ စစ်တပ်အင်အားက ချိနဲ့လာပြီဆိုတော့ သူတို့က ရဲနဲ့မီးသတ်ကို စစ်တပ်ရဲ့ အရံအင်အားဆိုပြီး ထိုးကျွေးတော့မှာ။ စစ်တပ်ရဲ့ ချိနဲ့လာတဲ့ အင်အားက ဘာလုပ်လို့ပဲ ဖြစ်တော့မလဲဆိုရင် စခန်းထိုင်တော့မယ်၊ သူတို့မဆုပ်တမ်းခံစစ်တွေမှာ စခန်းကို အင်အားအပြည့်နဲ့ထိုင်မယ်။ သူတို့ရဲ့ ဌာနချုပ်စခန်းတွေမှာ အင်အားအပြည့်နဲ့ အတန်အသင့်နဲ့ပေါ့နော်။ အင်အားအတန်အသင့်နဲ့ပြန်ပြီးတော့ မဆုပ်တမ်း ခံစစ်တွေ လုပ်မယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ဖြေကြားထားသည်။
စစ်ကောင်စီသည် ပဲခူးတိုင်းအတွင်းရှိ ညောင်လေးပင်၊ ဖြူး၊ ရွှေကျင်၊ ကျောက်ကြီး၊ မုန်း၊ ရေတာရှည် စသည့်ဒေသများတွင် တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှုများပြားနေ သည့်အပြင် နေပြည်တော်နှင့်လည်း မကွာဝေးသည့်ဒေသများဖြစ်သည့်အတွက် ယခုကဲ့ သို့ ဆက်သွယ်ရေးလမ်းကြောင်းများတွင် ခံစစ်ပြင်ဆင်ခြင်းများ ပြုလုပ်နေခြင်း ဖြစ် ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
ဓာတ်ပုံ – မိုင်းခွဲဖျက်ဆီးခံထားရသည့် ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ ရထားတစ်စီး
#ညောင်လေးပင် #ပဲခူး #နေပြည်တော် #ရထားလမ်း #ခံစစ်ပြင် #စစ်ကောင်စီ #Ayeyarwaddy_Times