
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၆ ရက်
လက်ရှိကြားကာလ၌ မြန်မာ့ဖယ်ဒရယ် ပညာရေးစနစ်အတွက် ကဏ္ဍအသီးသီးတွင် အရည်အသွေး ပြည့်ဝသော ဆရာအင်အားရှားပါးမှုက စိန်ခေါ်မှုတစ်ခုဖြစ်လာနေကြောင်း ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့ (ကမ္ဘာ့ဆရာများနေ့ )အထိမ်းအမှတ်အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတက်မှုအတွက် အခြေခံဖြစ်သည့်ပညာရေးကဏ္ဍာတွင် အရည်အချင်းပြည့်မီသော ဆရာအင်အား များပြားစွာ တည်ရှိရန် လိုအပ်ပြီး ခိုင်မာကောင်းသော ပညာရေးစနစ်တစ်ခု တည်ဆောက်ရန် အထောက်အပံ့ဖြစ်စေကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ဆရာအင်အားပြည့်မီမှုဟာ ရေရှည်မှာကြီးမားတဲ့ အကျိုးဆက်တွေကို အဖြေရှာဖို့နဲ့ ခိုင်မာအားကောင်းတဲ့ ပညာရေးစနစ် တစ်ခုတည်ဆောက်ဖို့ အထောက်အပံ့တစ်ရပ်ဖြစ်ပါတယ်။ အဲဒါကြောင့် အွန်လိုင်းနဲ့ မြေပြင် ကနေ ပညာရေးအတွက် အားဖြည့်ပါဝင်ပေးနေကြတဲ့ ဆရာ၊ဆရာမ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင် ဦးညွှတ်ပါတယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရ ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။
လက်ရှိတွင် အဆင့်မြင့်ပညာသင်ကြားရေး ကဏ္ဍတွင် CDM ဆရာ၊ဆရာမဦးရေ ၁၃၆၅၂ ဦးနှင့် သက်မွေးပညာကဏ္ဍတွင် CDM ဆရာ၊ဆရာမဦးရေ ၂၃၁၀ ဦးရှိကြောင်း NUG အစိုးရ ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တက္ကသိုလ်နှင့်အခြေခံမှ ဆရာ၊ ဆရာမများ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် အားကောင်းစွာပါဝင်ခဲ့သည့်အတွက် တချို့တက္ကသိုလ်များနှင့် အခြေခံစာသင်ကျောင်းများ ပိတ်ရသည့်အထိ ဖြစ်ပေါ်ခဲ့သည်။
စီဒီအမ် ပြုလုပ်ထားသော်လည်း အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်ရှိ ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိသည့်ဆရာ၊ ဆရာမများလည်း ရှိနေပြီး ပြင်ပတွင်အလုပ်အကိုင်ရရှိရေး ခက်ခဲလျက်ရှိကြောင်း သိရသည်။
“တော်လှန်ရေးကာလမှာ အလုပ်ခက်တယ်။ မိသားစုကိုရှာကျွေးဖို့လည်းခက်တယ်။ ပုဂ္ဂလိက ကျောင်းတွေကလည်း အလုပ်မခန့်ဘူး။ အဲဒီတော့ ရင်းနှီးတဲ့သူတွေဆို အိမ်လိုက်စာသင်တယ်။ တစ်ဖက်ကလဲ ထီရောင်းတာ ကော်မရှင်စားလုပ်တယ်။ နိုင်ငံရေးအရဆိုရင် ရှုံးသွားလို့ တစ်ခုခုဖြစ်လို့ ဖမ်းခံရရမယ်ဆိုရင် ကလေးနဲ့ဆိုတော့ အဲဒါတွေစိတ်ပူနေရတယ်။ CDM လုပ်လို့နောင်တရတာမျိုးတော့ မရှိပါဘူး” ဟု အထက်တန်းပြ CDM ကျောင်းဆရာမ တစ်ဦးက ဆိုသည်။
ယခုကဲ့သို့ အထိမ်းအမှတ်နေ့များနှင့် မကြာခင်ရောက်ရှိလာမည့်သီတင်းကျွတ် ကာလဆိုလျှင် ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းသူကျောင်းများကို လွမ်းကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံးရှိ ဆရာ၊ ဆရာမများအားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသောသုခနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းပြုပြီးနောက် စာသင်ကျောင်း နေရာများကို ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
“အကြမ်းဖက်စစ်တပ်ဟာ သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် ပြည်သူကိုပင်မဆိုနဲ့ အပြစ်ကင်းစင်တဲ့ ကျောင်းသား/သူတွေ၊ လက်နက်ကိုင်တော်လှန်ရေးနဲ့ လုံးဝကို မသက် ဆိုင်တဲ့ မြေဖြူကိုင်ပြီး ပညာသင်ကြားပေးနေတဲ့ ဆရာ/မတွေကိုတောင် ဖမ်းဆီးသတ်ဖြတ်ဖို့၊ ခြိမ်းခြောက်အကြပ်ကိုင်ဖို့ ဝန်မလေးဘူး” ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။
ပြီးခဲ့သည့်နှစ်တွင် ဒီပဲယင်းမြို့နယ် ၊လက်ယက်ကုန်း စာသင်ကျောင်းနှင့် ဝန်းသိုမြို့နယ်၊ ဂျိုးထောင်ရွာမတွင်ရှိသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ လေကြောင်းတိုက်ခိုက်ခံရသဖြင့် ဆရာမအပါအဝင် ကျောင်းသူကျောင်းသား ၂၀ ဦး ကလေးငယ် ၇ ဦး အပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရထံမှ သိရသည်။
#မြန်မာ့ဖယ်ဒရယ် #ပညာရေးစနစ် #ဆရာအင်အားရှားပါးမှုက #စိန်ခေါ်မှုဖြစ်နေကြောင်း #ဝန်ကြီးချုပ်ဆို
#Ayeyarwaddy_Times