
ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ အောက်တိုဘာလ ၅ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအတွင်းမှ ဒေသခံ အမျိုးသား လေးဦးကို ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့တွင် စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးထားပြီး ယနေ့ အောက်တိုဘာ ၅ ရက်နေ့ အထိ ပြန်လည်လွှတ်ပေးခြင်းမရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ကြယ်နီကုန်းရွာ ရာအိမ်မှူးဖြစ်သူ ပျုစောထီးခေါင်းဆောင် ကိုအောင်ဝင်းလေး အသတ်ခံရမှုနှင့်ပတ်သက်၍ ကိုဝင်းကို၊ ကိုတင့်နိုင်ဝင်း၊ ကိုလွင် နှင့် ကိုနိုင်ဦး တို့ဒေသခံလေးဦးကို အင်အားသုံး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကြို့ပင်ကောက်ဘက်ကိုဖမ်းသွားတယ်လို့သိရတယ်။ ဖမ်းခံရတာကတော့ကြယ်နီကုန်း ရာအိမ်မှူး အရှင်းခံရလို့တဲ့။ ကြယ်နီကုန်းရွာကိုသွားရင် ထန်းပင်ကုန်းရွာကဖြတ်ရတာ။ အဲ့တာကို PDF တွေဖြတ်သွားတာ မသိဘူးလားဆိုပြီး လမ်းမဘေးဝန်းကျင်က နေအိမ်က သူတွေကိုဖမ်းသွားတာ။ အုပ်ချုပ်ရေးပိုင်းကသူတွေ ခဏခဏ အရှင်းခံနေရလို့ အကြောင်းပြဖမ်းတာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကြယ်နီကုန်းရွာ ရာအိမ်မှူးအောင်ဝင်းလေးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် တော်လှန်ရေးတပ်ရေးတပ်ဖွဲ့များမှာ လုံခြုံရာသို့ပြန်လည်ရောက်ရှိနေပြီး စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီးနိုင်ခြင်းမရှိသည့်အတွက် ဒေသခံများကို ယခုကဲ့သို့ အကြောင်းမဲ့ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးဒေါက်တိုင်များ မကြာခဏ သတ်ဖြတ်ခြင်းခံနေရပြီး ယခု အောက်တိုဘာလ ပထမအပတ် အတွင်းတွင်ပင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦး သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ဓာတ်ပုံ – အင်တာနက်။
#အုတ်ဖိုမြို့ #ပျူခေါင်းဆောင်ပစ်သတ်ခံရ #စစ်ကောင်စီ #ဒေသခံ၄ဦးဖမ်းဆီး #Ayeyarwaddy_Times