
ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၂၄ ရက်
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့က အရက်သမားနှင့် ဆေးသမားများကို စစ်ကောင်စီတပ်မှ ငွေပေး၍ တပ်သားသစ်အဖြစ် စုဆောင်း သွားကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်က တပ်သားသစ်အဖြစ်စုဆောင်းသွားသည့် အရက်သမား တစ်ဦး နှင့် ဆေးသမား လေးဦးတို့သည် မရမ်းကုန်မြို့နယ် မရမ်းကုန်း (၃) ရပ်ကွက်၊ ၈ အိမ်စုတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။
“ဆင်ခြေဖုံး ရပ်ကွက်တွေထဲက အရက်သမားနဲ့ ဆေးသမားတွေ စုဆောင်းသွားတာ။ လာစုတဲ့ စစ်ကောင်စီတပ်သားက အသက် ၂၄ နှစ် ဝန်းကျင်လောက်ပဲရှိတယ်။ ရပ်ကွက်ထဲက လူငယ်တွေပုံစံတွေလို ဝတ်စားပြီးလိုက်စုသွားတာ” ဟု (၃) ရပ်ကွက် ၈ အိမ်စုတွင်နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သည် ည ၁၀ နာရီနောက်ပိုင်းတွင် အပြင်ထွက်သည့် မရမ်းကုန်မြို့နယ် အတွင်းရှိ လူငယ်အချို့ကိုလည်း ပေါ်တာဆွဲခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
ပေါ်တာဆွဲခံရသည့် လူငယ်များအနက် စစ်ကောင်စီတပ်ထံ ပိုက်ဆံပေး၍ ပြန်လည် ရွေးယူရသည့် လူငယ်အချို့ရှိပြီး ပြန်လည်ရွေးယူခြင်းမပြုနိုင်သည့် လူငယ်များမှာ ယနေ့ထိတိုင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ မိသားစုများနှင့် အဆက် အသွယ်ပြတ်တောက်နေကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် မေလအတွင်းတွင်လည်း အဆိုပါ (၃) ရပ်ကွက် ၈ အိမ်စုတွင် နေထိုင်သည့် လူငယ်အချို့ကို စစ်ကောင်စီတပ်မှ ပထမအကြိမ် တပ်သားသစ်အဖြစ် စုဆောင်းသွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။
စစ်တပ်သည် အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံအနှံ့အပြား ဒေသအသီးသီးတွင် တပ်သားသစ်များ ပိုမိုစုဆောင်း လာသည်ကို တွေ့ရသည်။
ဓာတ်ပုံ-မရမ်းကုန်း ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး
#မရမ်းကုန်းမြို့နယ် #အရက်သမား #ဆေးသမား #ငွေပေး #စစ်ကောင်စီက #တပ်သားသစ်အဖြစ်စုဆောင်း #Ayeyarwaddy_Times