ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂ဝ ရက်

အာဏာသိမ်း စစ်တပ်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ သာဝတ္ထိကျေးရွာနှင့် ကျီစုရွာတို့တွင် ဒေသခံများ၏ နေအိမ်များကို မီးရှို့ခဲ့သည့်အပြင် ဒေသခံပြည်သူ ၁၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။ ကန့်ဘလူမြို့နယ်တွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ်က ဇူလိုင်လ ၁၈ ရက်နေ့မှစတင်၍ ကျေးရွာများကို စစ်ကြောင်းထိုးကာ သာဝတ္ထိနှင့် ကျီစုရွာများကို မီးတင်ရှို့သဖြင့် နေအိမ်အလုံး ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး သာဝတ္ထိကျေးရွာမှာဒေသခံ ၂ ဦးနှင့် ကျီစုရွာမှ ဒေသခံ ၉ ဦးတို့ကို ဖမ်းဆီးပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ကန့်လဘူနယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ARF ထံက သိရသည်။

“စစ်တပ်က ရွာတွေကို မီးတင်ရှို့တာ အိမ်အလုံး ၃ဝဝ ကျော် မီးလောင်ပျက်စီးခဲ့တယ်။ သာဝတ္ထိကရွာသား ၂ ယောက်နဲ့ ကျီစုက ၉ ယောက်၊ အားလုံးပေါင်း ၁၁ ယောက် အသတ်ခံရတယ်။ ဖမ်းပြီးကာမှ သေနတ်နဲ့ ပစ်သတ်တာ။ စစ်ဘေးရှောင်ရင်းနဲ့ အသက် ၇၀ ကျော် အဖွားအိုတစ်ဦးလည်း ဆုံးပါးသွားတယ်”ဟု ARF တပ်ဖွဲ့ ဦးဆောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိအချိန်အထိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က သတ်ဖြတ်ထားသည့် ဒေသခံ ၁၁ ဦး၏အလောင်းများကိုလည်း ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

‘‘စစ်တပ်က ကျောက်တိုင်ရွာမှာပဲ အထိုင်ချထားတုံးပဲ။ ကျနော်တို့ ပြည်သူတွေကို သတ်ခဲ့ပေမယ့် သူတို့အလောင်းတွေကို ဒီနေ့မနက်အထိ ပြန်ကောက်လို့မရသေးဘူး။ စစ်တပ်ဟာ အဲ့တကြောက ရွာတွေကိုဝင်တယ်။ သူတို့ဖွဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ မလုပ်တဲ့ရွာမှန်သမျှကို ပစ်မှတ်ထား ဖျက်ဆီးနေတယ်။ ကျနော်တို့ ပြည်သူ ၁ ထောင်ဝန်းကျင်အတွက်ကို ကာကွယ်ပေးနေရတာမှာ အကြမ်းဖက်စစ်ကြောင်းက အင်အားလည်း မနည်းတော့ ခုခံစစ်မှာ တော်တော်လေး ရုန်းကန်နေရတယ်’’ဟု ကောလင်းမြို့နယ်ရှိ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှာ ကောလင်း၊ ကန့်ဘလူတကြောအပြင် ပုသိမ်-မုံရွာလမ်းမ အနောက်ဘက်ပိုင်းရှိ စလင်း၊ ပွင့်ဖြူ၊ မြိုင်၊ ပေါက်မြို့နယ်တို့ကို စစ်ကြောင်းထိုးနေရာ ဒေသခံ PDF များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေကြောင်း သိရသည်။