ကိုကိုမောင်/ဧရာဝတီတိုင်းမ်
ဧရာဝတီ၊ ဇူလိုင်လ ၁၉ ရက်

ဧရာဝတီတိုင်းက အကျဥ်းထောင်တွေမှာ ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်ကစတင်ကာ ထောင်ဝင်စာကန့်သတ်ချက်တွေကြောင့် နိုင်ငံရေးအကျဥ်းသားများ စားရေးသောက်ရေး အခက်တွေ့နေတယ်လို့ ဧရာဝတီတိုင်းက နိုင်ငံရေးအကျဥ်းသားများအရေး ကူညီပေးနေသူအချို့ထံမှ သိရပါတယ်။

မအူပင်အကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသားများရဲ့ ထောင်ဝင်စာပေးပို့ချိန်အား တစ်ပတ်လျှင် အင်္ဂါနေ့နှင့် စနေနေ့ ၂ ရက်၊ မနက် ၇ နာရီမှ နေ့လည် ၁၁ နာရီအထိ ကန့်သတ်ထားတဲ့အပြင် လူဦးရေ ၃၀ အထိ ကန့်သတ်လိုက်တာကြောင့် နယ်ဝေးမှ ထောင်ဝင်စာလာရောက် ပေးပို့သူများ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

” ထောင်မှာကန့်သတ်ထားတဲ့ရက်က တပတ် ကို ၂ရက်လေ။ အင်္ဂါနေ့နဲ့ စနေနေ့လေ ၇နာရီကနေနေ့လည်၁၁နာရီအထိပေါ့။ ခုက အဲလိုမဟုတ်တော့ပဲ ထောင်ဝင်စာ လာပို့တဲ့သူတွေကို ဒီမနက်ကစပြီး ထောင်ဝင်စာပိုရမဲ့ ဦးရေကန့်သတ်လိုက်တော့ နယ်ဝေးကလာပို့ရတဲ့သူတွေ အရမ်းဒုက္ခရောက်ကြရတယ်လေ။ ခုက အယောက် ၃၀ ပဲကန့်သတ်ထားတယ်ဆိုတော့ နယ်ဝေးကလာတဲ့သူတွေ ပို့ခွင့်မရတော့ဘူး။ ဇူလိုင်လ ၁၅ရက်နေ့ကဆို မနက် ၈နာရီလောက်ကပဲ ထောင်ဝင်စာပို့တာကို လူဦးရေ ကန့်သတ်တယ်ဆိုပြီး အစောကြီးရှိသေးတယ်။ ထောင်ဝင်စာပိတ်တာဆိုပြီး အကုန်ပြန်မောင်းထုတ်ခံရတယ်” လို့ မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ထို့အပြင် ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာလည်း ထောင်၀င်စာပေးပို့မှုကို ဇွန်လနောက်ဆုံးပတ်ကစတင်ပြီး ကန့်သတ်လိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးထံမှ သိရပါတယ်။

“ခုထောင်မှာ တစ်ယောက်ကို ထောင်၀င်စာ တစ်ခါပို့ရင်အသီး၊ မုန့်၊ အသားကြော်၊ ငပိကြော် အကုန်တစ်မျိုးစီပဲ ပေးပို့ခွင့်ရှိတော့တယ်။ အဓိက ထောင်ဟင်းမစားတဲ့ နိုင်ငံရေးအကျဥ်းသားတွေ အခက်တွေ့ကုန်တယ်။ ဘူးအသေးနဲ့ ၃ ဘူးပဲရတော့တယ်။ အထဲမှာက နိုင်ငံရေးအကျဥ်းသားတွေက မျှဝေပြီးစားသောက်နေကြရတယ်လေ။ ဒီကန့်သတ်လိုက်တော့ အဆင်မပြေကြတော့ဘူး” လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အလားတူ ဖျာပုံအကျဥ်းထောင်မှာ ထောင်၀င်စာပေးပို့မှုကို ဇွန်လအလယ်မှစပြီး ကန့်သတ်လိုက်တဲ့အပြင် ထောင်ဝင်စာလာပို့တဲ့ ငပိကြော်၊ အသား​ကြော်၊ ငါးကြော် စတဲ့ ဟင်းတွေကို ပမာဏကန့်သတ်လိုက်သလို ဖွင့်ဖောက်စစ်ဆေးပြီး ရောနှောကာ ပြန်ထည့်ပေးနေသဖြင့် နိုင်ငံရေးအကျဥ်းသားများ စားရေးသောက်ရေး အခက်တွေ့နေတယ်လို့ နိုင်ငံရေးအကျဥ်းသားများအရေး ကူညီပေးနေသူအချို့က ဆိုပါတယ်။

ဧရာဝတီတိုင်းရှိ ပုသိမ်၊မြောင်းမြ၊မအူပင်၊ဖျာပုံနှင့် ဟင်္သာတ အကျဥ်းထောင်များတွင် အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ နိုင်ငံရေးအကျဥ်းသား ၁၀၀၀ ဝန်းကျင်အထိရှိနေပြီး ပုသိမ်အကျဥ်းထောင်တစ်ခုတည်း၌ပင် နိုင်ငံရေးအကျဥ်းသား ၃၅၀ ဦးအထိရှိနေတယ်လို့ နိုင်ငံရေးအကျဥ်းသားများအရေး ကူညီပေးနေသူများထံမှ သိရပါတယ်။