ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ စက်တင်ဘာလ ၆ ရက်

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်မြို့နယ်၊ အလူးလေးကျေးရွာအနီးတွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးအနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီ တပ်နှင့် စစ်ဆင်ရေးလုပ်ရန်သွားရောက်သည့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးကာ ခုနစ် ဦးဒဏ်ရာရခဲ့ ကြောင်းသိရသည်။

“တော်လှန်ရေးတပ်ဖွဲ့ဘက်က သုံးယောက်ကျတယ်ဆိုတာဟုတ်ပါတယ်။ သူတို့ (စစ်ကောင်စီ) ဘက်ကလည်း သုံးယောက်လောက်သေတယ်။ ခုနစ်ယောက် လောက် ဒဏ်ရာရတယ်လို့လဲကြားပါတယ်” ဟု သထုံခရိုင်PDFတာဝန်ခံ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲ့မှ ရဲဘော် သုံးဦးကျဆုံးခဲ့ပြီး လက်နက်ငယ်များအပါအဝင် လက်နက်ခဲယမ်းတစ်ချို့လည်း ဆုံးရှူံးခဲ့ရကြောင်း သိရသည်။

သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့်တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက် ခံရခြင်းများလည်း မကြာခဏဖြစ်ပွားလေ့ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

သထုံခရိုင်အတွင်း ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးတွင် ကား ငါး စီးပါစစ်ကောင်စီယာဉ်တန်းကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ထိခိုက် သေဆုံးခဲ့ပြီး အဆိုပါယာဉ်တန်းမှ လမ်းတစ်လျှောက်သေနတ်ပစ်ဖောက် သွားရာ ဒေသခံနှစ်ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်းထံက သိရသည်။

ဓာတ်ပုံ- စစ်‌ကောင်စီတယ်လီဂရမ်ချန်နယ်များကဖော်ပြထားသည့် သိမ်းဆည်းရမိသည် ဟုဆိုသည့် လက်နက်များ

#ဘီးလင်း #စစ်ကောင်စီတပ် #ထိတွေ့တိုက်ပွဲဖြစ်ပွား #တော်လှန်ရေးရဲဘော်၃ဦးကျဆုံး #Ayeyarwaddy_Times