
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဇူလိုင်လ ၁၉ ရက်
ချင်းပြည်နယ်၊ မင်းတပ်-မတူပီဘက်သို့ စစ်တပ်ယာဉ်(၁၀၀)ကျော်ဦးတည်လာသောကြောင့် လုံခြုံရေးအရ မင်းတပ်-မတူပီလမ်းအား မိဘပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုကြရန် ယမန်နေ့ ဇူလိုင်လ(၁၈)ရက်နေ့တွင် CDF-Mindatက အသိပေးထုတ်ပြန်ထားသည်။
“ဇူလိုင်လ(၁၉)ရက်နေ့က စတင်ပြီး မင်းတပ်-မတူပီလမ်းမကြီးအား အများပြည်သူသွားလာခွင့်တားမြစ်၊ ကန့်သတ်၊ ပိတ်ပင်လိုက်ကြောင်းနှင့် မိမိထုတ်ပြန်ချက်အပေါ် မလိုက်နာပါက CDF-Mindatအနေဖြင့် ထိရောက်စွာ အရေးယူမည်ဖြစ်ပြီး ထိခိုက်မှုတစ်စုံတရာဖြစ်ပေါ်လာပါက (လုံးဝ)တာဝန်ယူမည်မဟုတ်ပါ”လို့ CDF-Mindat၊ သတင်းနှင့်ပြန်ကြားရေးဌာနက အဆိုပါထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
မိုးရာသီကာလတွင် ချင်းပြည်နယ်၊ ဒေသအနှံ့မှာ စစ်ကောင်စီတပ်များက အင်အားတိုးချဲ့လာခြင်းကြောင့် ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်များအထိနာကာ သေဆုံး၊ ဒဏ်ရာရ ရှိသူများပြားခဲ့ကြောင်း CDF – Mindat ထံမှ သိရသည်။
အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူပိုင်နေအိမ်များရည်ရွယ်ချက်ရှိရှိ မီးရှို့ ဖျက်ဆီးမှုတို့ကို အထိနာနေသော စစ်ကောင်စီတပ်များက ကျူးလွန်ခဲ့ပြီး အင်အားတိုးချဲ့လာသော စစ်ကောင်စီ ယာဉ်တန်းများကြောင့် လုံခြုံရေးအရ မင်းတပ်-မတူပီလမ်းမကြီးကို ယာယီပိတ်ပင်လိုက်ခြင်းဖြစ်သည်။
ယခင်မင်းတပ်မြို့မှ မတူပီမြို့ဘက်သို့ တက်လာသော သံချပ်ကာယာဉ်များအပါအဝင် စစ်ယာဉ်တန်းများကို CDF-Mindatနှင့် CDF-Matupiတို့က မင်းတပ်-မတူပီကြားတွင် အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တို့ အသေအဆုံးများကာ မင်းတပ်-မတူပီကြားရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များမီးရှို့ခြင်း၊ နေအိမ်ထဲရှိ တန်ဖိုးကြီးပစ္စည်းများခိုးယူခြင်းနှင့် လက်နက်ကြီးများရမ်းသန်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးသွားခဲ့ကြောင်းသိရသည်။
ယခင်ကပုံအဟောင်းအားအသုံးပြုထားသည်။