
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁ ရက်
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ခဲဘောင်ကျေးရွာတွင် နေအိမ်များကို အိမ်ရှင်ဖြစ်သူမှ ကိုယ်တိုင် ဓာတ်ပုံရိုက်ကူးကာ မြို့နယ်အခွန်ဦးစီးရုံးသို့ ပေးပို့တင်ပြ၍ အခွန်ပေးဆောင် နေရကြောင်း ဒေသခံများထံကသိရသည်။
ကျုံပျော်မြို့နယ် ခဲဘောင်ကျေးရွာသားများကို သြဂုတ်လ၂၉ ရက်နေ့က မြို့နယ်အခွန်ဦးစီးမှူးနှင့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ အစည်းအဝေးခေါ်ယူကာ ဒေသခံနေအိမ်ပိုင်ရှင်များကို မိမိနေအိမ်နှင့်ခြံကို ကိုယ်တိုင်ဓာတ်ပုံ ရိုက်ကူး၍ အခွန်ဦးစီးမှူးရုံးထံသို့တင်ပြရန်ပြောဆိုခဲ့ကြောင်း အစည်းအဝေးသို့တက်ရောက်ခဲ့သည့် ခဲဘောင်ကျေးရွာ ဒေသံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
“အစည်းအဝေးက ရွာကအုပ်ချုပ်ရေးမှူးရုံးမှာ လုပ်သွားတာ။ မြို့နယ်အခွန်ဦးစီးမှူးနဲ့ အုပ်ချုပ်ရေးမှူးက အစည်းအဝေးခေါ်တာပေါ့။ ကိုယ့်အိမ်နဲ့ခြံပုံ ဓာတ်ပုံရိုက်ပြီးတော့ အခွန်ဦးစီးရုံးကိုပုံတင်ပြခိုင်းတယ်” ဟု ၄င်းကပြောသည်။
ထိုကဲ့သို့ နေအိမ်ဓာတ်ပုံများကို မြို့နယ်အခွန်ဦးစီးရုံးသို့ ပေးပို့ခဲ့ပြီးနောက် ဦးစီးဌာနရုံးစာရေးဝန်ထမ်းများမှ ဒေသခံများအပေါ် နေအိမ်နှင့်ခြံအမျိုးအစားအလိုက် တစ်အိမ်ထောင်စုလျှင်ငွေကျပ်နှစ်သောင်း မှ သုံးသိန်း ထက်မနည်းအခွန်အတင်းအကျပ်ပေးဆောင်စေခိုင်းခံခဲ့ရကြောင်း ကိုယ်တိုင်အခွန်ပေးအပ်ခဲ့ရသည့်ကျေးရွာဒေသခံများထံကသိရသည်။
” အိမ်နဲ့ခြံပုံကြည့်ပြီးတော့ အခွန်သုံးသောင်း ဆောင်ရမယ်ဆိုပြီး စာရေးက ပြောလာတာ။အခြားသူတွေဆို တစ်သိန်းပေးရတာတို့ သုံးသိန်းပေးရတာတို့ရှိတယ်။ အခွန်ကောက်မယ်လို့တော့ပြောတယ်။ အဲ့လောက်အထိပေးရမယ်လို့မပြောထားဘူး။ အချို့မပေးနိုင်လို့ငွေပြန်ချေးရတဲ့သူတွေတောင်ရှိနေတယ်” ဟု ကိုယ်တိုင်အခွန်ဆောင်ခဲ့ရသည့် ဒေသခံတစ်ဦးကဆိုသည်။
ကျုံပျော်မြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့ကစတင်ပြီး အင်္ဂလာ၊ခဲဘောင်အပါအဝင် ကျေးရွာပေါင်း ၂၀ နီးပါးတွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အခွန်ဦးစီးမှူးအပါအဝင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ ဒေသခံများအပေါ် နေအိမ်နှင့်ခြံအခွန်ဆောင်ရန် အကြောင်းပြ၍ အစည်းအဝေးခေါ်ယူခဲ့ကြောင်း သိရသည်။
#ကျုံပျော်မြို့နယ် #အခွန်ရုံး #အိမ်နှင့်ခြံအမျိုးအစားအလိုက် #ဖိအားပေး #အခွန်ဆောင်ခိုင်း
#Ayeyarwaddy_Times