
ဗွီအာတီ/ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ ဇူလိုင်လ ၁၉ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ CDF-Palatwaထိန်းချုပ်ထားသော တပ်ရင်း(၁)နယ်မြေဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်အင်အား(၃၀၀)ကျော်ဖြင့် ဇူလိုင်လ(၁၈)ရက်နေ့က အင်အားဖြည့်တင်းလာပြီး အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်သည့်အတွက် ကျေးရွာနေပြည်သူလူထုများအနေဖြင့် ကြိုတင်သိရှိနိုင်ရန် CDF-Palatwaက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
“ပလက်ဝမြို့နယ်ဘက်ကို စစ်ကောင်စီအင်အားဒီလောက်အလုံးအရင်းနဲ့ တစ်ခါမှ စစ်ကြောင်းမလာသေးဘူး ပေါ့နော်၊ အခုက စစ်ကြောင်း(၃)နေရာကနေ စစ်ကြောင်းထိုးလာတယ်၊ မီးချောင်းရွာများဖြစ်တဲ့ ပါးဝ၊ ယောင်ဝအနီးမှာ တပ်စခန်းတည်ဆောက်ဖို့ ဖြစ်နိုင်တယ်လို့ ယူဆတယ်၊ မနေ့ညမှာတော့ ဆမီးချောင်းတလျှောက်မှာရှိတဲ့ ဝါဒိန်၊ ဆောင်ဝကျေးရွာ အနီးတဝိုက်မှာ ယာယီတပ်စခန်းချထားတယ်၊ အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် မိဘပြည်သူများကြိုတင်သိရှိနိုင်ရန် အသိပေးချင်ပါတယ်”ဟု CDF-Palatwaမှ ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လှုပ်ရှားနေသော (AA)တပ်တို့ကြောင့် ယခုလို ပလက်ဝမြို့ဘက်သို့ စစ်ကောင်စီတပ်အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာနိုင်ခြင်းဖြစ်ကြောင်း ပြည်သူတစ်ချို့က သုံးသပ်ယူဆထား သည်။ ရခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြားမှာ နှစ်ဦးနှစ်ဘက်တင်းမာမှုမြင့်မားနေသလို ရခိုင်ပြည်နယ်တွင် တိုက်ပွဲများလည်း ခပ်စိတ်စိတ်ဖြစ်လာနေကြောင်း သိရသည်။
စစ်ကောင်စီတပ်တို့အနေဖြင့် ရခိုင်ပြည်နယ်ဘက်သို့ ထိုးစစ်ဆင်နွှဲနိုင်ရန်အတွက် ပလက်ဝလမ်းဘက်မှ အင်အားဖြည့်တင်းကြသလို စစ်အာဏာသိမ်းပြီးနောက် ပလက်ဝမြို့နယ်မှာ CDF-Palatwaပေါ်ပေါက်လာပြီး စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်လျက်ရှိနေသည်။