ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၄ ရက်

ကိုရီးယားနိုင်ငံတွင် ကျောင်းတက်မည့် မြန်မာပညာတော်သင်ကျောင်းသားတစ်ဦးသည် ရန်ကုန်ကနေ၍ အမေရိကန်ဒေါ်လာများဝယ်ယူခဲ့ပြီး ကိုရီးယားနိုင်ငံရောက်မှ ဒေါ်လာအတုများ ဖြစ်နေသည်ကိုသိရကြောင်း ကိုရီးယားအခြေစိုက် Top Korea Education Center ဥက္ကဌ ဦးထက်အောင်ရှိန်းက ပြောကြားသည်။

အဆိုပါကျောင်းသားသည် ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့တွင် ကိုရီးယားနိုင်ငံ၊ မြို့နယ်တစ်ခုရှိ ဘဏ်တွင် အမေရိကန်ဒေါ်လာများကို လဲလှယ်ရန်သွားရောက်ရာတွင် ဒေါ်လာအတုများဖြစ်နေ၍ ရဲကဖမ်းခေါ်ကာ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

“ရန်ကုန်မှာရှိတဲ့ အရောင်းဌာနတွေဆိုင်တွေမှာ ဝယ်လို့မရလို့ အွန်လိုင်းပေါ်မှာ အရင် မေးတယ်။ နောက်ပြီးလူချင်းချိန်းတဲ့နေရာ သွားတွေ့ပြီး ဝယ်လာခဲ့တာလို့သိရပါတယ်။ အဲဒီလို အတုဆိုတာ ကျောင်းသားမိဘတွေက မကြားဖူးသလို အစစ်နီးပါးတူနေတာမို့ ဝယ်လာမိတယ်လို့ ကျောင်းသာမိဘတွေက ပြောပါတယ်” ဟု ဦးထက်‌အောင်ရှိန်းက ဧရာ၀တီတိုင်းမ် ကိုပြောသည်။

အဆိုပါ ကျောင်းသားသည် ထိုသို့ ဘဏ်တွင် လဲလှယ်ခြင်း မပြုခင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကိုးရီးယားနိုင်ငံ၊ အင်ချွန်းလေဆိပ်သို့ရောက်ရှိစဉ် လေဆိပ်ငွေလဲ ကောင်တာတွင် ရန်ကုန်ကနေဝယ်ယူလာသည့် ဒေါ်လာနှစ်ထောင်ခန့်ကို ကိုရီးယားငွေ ဝမ်ဖြင့် လဲလှယ်ရာတွင် ငွေစက္ကူစစ်စက်က မဖတ်သည့်အတွက် လဲမရခဲ့ကြောင်း ဦးထက်‌အောင်ရှိန်းက ဆိုသည်။

ကိုရီယားရဲများ၏ ဖမ်းဆီးစစ်ဆေးခြင်းခံရသည့် မြန်မာကျောင်းသားသည် ကျောင်းဝင် ခွင့်စာရွက်စာတမ်းများသေချာစွာပြနိုင်ခြင်း၊ မြန်မာပြည်ရှိ လူတစ်ဦးဆီကနေ ဝယ်ယူ ခဲ့ခြင်းဖြစ်ပြီး ဒေါ်လာအတုဖြစ်နေမှန်း သိရှိခြင်းမရှိသလို မည်သည့် ရည်ရွယ် ချက်မှမရှိကြောင်း ရဲစခန်းတွင်ရှင်းပြနိုင်ခဲ့သဖြင့် ပြစ်ဒဏ်ကျခံရခြင်းမှ လွတမြောက်ခဲ့ ကြောင်း သိရသည်။

ထိုသို့မဟုတ်ဘဲ ကိုးရီးယားနိုင်ငံ၏ ပြည်ပမှရည်ရွယ်ချက်ရှိရှိဖြင့် ငွေစက္ကူအတု ပြုလုပ်လာခြင်း ဖြစ်ပါက ထောင်ဒဏ် ၁၀ နှစ်နှင့် အထက် ပြည်နှင်ဒဏ်ကျခံရနိုင်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံမှနေ၍ ပြည်ပသို့ ထွက်မည့်သူများအနေဖြင့် တာဝန်ယူ ခေါ်ဆောင်ပေးသည့် တာဝန်ခံများနှင့် တိုင်ပင်၍ ဒေါ်လာဝယ်ယူခြင်း၊ တရားဝင်စိတ်ချ ရသည့်အရောင်းဌာနများတွင်ဝယ်ယူခြင်း၊ ဒေါ်လာအစားသက်ဆိုင်ရာနိုင်ငံ ငွေကြေး ဝယ်ယူမှု လုပ်သင့်ကြောင်း Top Korea Education Center ဥက္ကဌ ဦးထက်အောင်ရှိန်းက သတိပေးပြောကြားသည်။

လက်ရှိတွင် စစ်ကောင်စီသည် အမေရိကန်ဒေါ်လာသုံးစွဲမှုကို တင်းကျပ်ထားပြီး ပြည်တွင်း ဘဏ်များနှင့် နိုင်ငံခြာငွေလဲကောင်တာများတွင် ဒေါ်လာကို လွတ်လပ်စွာ ဝယ်ယူနိုင်မှုမရှိ၍ ယခုကဲ့သို့ ဒေါ်လာအတုဝယ်ယူမိသည့် ဖြစ်စဉ်များ ဖြစ်ပေါ်လျှက် ရှိကြောင်း သိရသည်။

ဓာတ်ပုံ-Top Korea Education Centre

#ရန်ကုန် #ကိုရီးယားနိုင် ၊ ပညာတော်သင်ကျောင်းသား #ဒေါ်လာအတုဝယ် #ကိုရီးယားရဲဖမ်း #Ayeyarwaddy_Times