နွေဦးမောင် /ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ဒေသ ကြေးနီ တူးဖော်ရေးလုပ်ကိုင်နေသည့် ဝမ်းပေါင်ကုမ္မဏီမှ စစ်ကောင်စီနှင့်ပူးပေါင်းကာ ကျေးရွာအချို့အား ဖိအားပေးပြောင်းရွှေ့ခိုင်းနေကြောင်း ဒေသခံများထံက သိရသည်။

သြဂုတ်လဆန်းပိုင်းက စတင်ကာ ပြောင်းရွှေခိုင်းခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်သားများနှင့် ရဲအင်အား အများအပြား အင်အားသုံး ဖိအားပေးခဲ့ကာ တရုတ်အလုပ်သမားတွေက တရုတ်အလုပ်သမားများလည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

“ သံဇကာတွေကို သံတိုင်တွေစိုက်ပြီး ခြံစည်းရိုးတွေလာခတ်တာ ပြန်ပြောလို့လည်းမရဘူး။ ထွက်ကြည့်တဲ့သူတွေကိုတောင် သေနက်ပစ်ဖောက်ပြီးခြိမ်းခြောက်တယ်။ သူတို့လုပ်ကွက်တွေနဲ့ မလွတ်ဘူးဆိုတာအကြောင်းပြတာ အရင် သူတို့ ကြေးနီတူးဖော်ကတည်းက ဒေသခံတွေ သဘောတူခဲ့တာမဟုတ်ဘူး။ ခုကလုပ်ကွက်တွေ ထပ်တိုးချဲ့နေတာ။ အရင်လုပ်ကွက်နဲ့မလွတ်လို့ ဆိုပြီး ဆည်တည်းရွာ၊ ဇီးတောရွာ၊ မိုးကြိုးပြင်ရွာပါ ရွှေပြောင်းခံခဲ့ရပြီးပြီလေ ခုတခါ ဝတ်မှေးရွာကို အတင်းအဓမ္မခြံစည်းရိုးဝင်ခတ်နေတာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ရှိန်မြင့်ပြီး တင်းမာနေသည့်အချိန်တွင် တရုပ်လုပ်ငန်းရှင်များသည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး အင်အားသုံးကာမြေယာများကို အပိုင်းသိမ်းနေမှုကို ဒေသခံများအနေဖြင့် တားဆီးနိုင်သူမရှိပဲ ဘေးလွတ်ရာသို့ မှာရွှေပြောင်းနေထိုင်နေကြရသည်ဟု လက်ပံတောင်းတောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက လက်ရှိအခြေအနေကို ရှင်းပြသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်းရှိ လက်ပံတောင်းဒေသအပါအဝင် မုံရွာအနောက်ဘက်ကမ်းကျေးရွာများကို စစ်ကြောင်းထိုး၍ ရွာများကို မီးရှို့ပြီး ဒေသခံများကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီး သတ်ဖြတ်နေပြီး တရုတ်ဝမ်ပေါင်ကြေးနီတူဖော်ရေးလုပ်ငန်းများကိုလည်း ဆက်လတ် လုပ်ကိုင်နေသည်။

#တရုတ်ဝမ်ပေါင်ကုမ္မဏီ #စစ်ကောင်စီနှင့်ပူးပေါင်း #ဒေသခံကျေးရွာများ #ဖိအားပေးပြောင်းရွှေ့ခိုင်း

#Ayeyarwaddy_Times