ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့၌ သြဂုတ် ၂၁ ရက်နေ့မှ စတင်ကာ စက်သုံးဆီများ ပြတ်လပ်နေပြီး မြို့တွင်းရှိ ဓာတ်ဆီဆိုင်အချို့တွင် ခွဲတမ်းစနစ်ဖြင့် အလှည့်ကျ ရောင်းချနေရကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

လက်ရှိတွင် မဟာမြိုင်လမ်း (ကလေး-ဂန့်ဂေါ-မုံရွာ ဆက်သွယ်ပေးသောလမ်း) နှင့် ယာကြီးလမ်း (ကလေး-ကလေး၀-မုံရွာ ဆက်သွယ်ပေးသောလမ်း) များ ပိတ်ဆို့ ထားသောကြောင့် ကုန်တင်ကားများ အဝင်အထွက်မရှိတော့ဘဲ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့အထိ စက်သုံးဆီများ ပြတ်လပ်နေခြင်းဖြစ်ကြောင်းသိရသည်။

“မြို့ထဲမှာ ဓာတ်ဆီ တစ်လီတာကို ငါးထောင်ကျပ်ဖြစ်နေပြီ။ ဒါတောင် ဓာတ်ဆီဆိုင် တွေမှာ တန်းစီပြီး အလုအယက်ဝယ်နေရတယ်။ တချို့ဆိုင်တွေ ဝယ်လို့မရတော့ဘူး။ အချို့ဆိုင်တွေမှာ ဆိုင်ကယ်တစ်စီးကိုတစ်ခါဝယ် ငါးထောင်ဖိုးပဲ ဝယ်ခိုင်းတယ်” ဟု ကလေးမြို့ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကလေးမြို့ စက်သုံးဆီဆိုင်များတွင် တစ်ဂါလံ တစ်သောင်းကိုးထောင် (၁၉၀၀၀) ကျပ်၊ နှစ်သောင်း(၂၀၀၀၀)ကျပ် စသည်ဖြင့် အလှည့်ကျစနစ်ဖြင့် စျေးကြီးပေးဝယ်နေရပြီး တချို့ဆီဆိုင်များတွင် စက်သုံးဆီရောင်းချခြင်းမရှိတော့ဘဲ လမ်းဘေးဆီဆိုင်များလည်း ပိတ်ထားကြောင်း ကလေးမြို့ ဒေသခံများထံကသိရသည်။

“ရွာဘက်တွေမှာတော့ လွန်ခဲ့တဲ့ နှစ်ရက်ကစပြီး ဆီတစ်ဂါလံ တစ်သောင်းခွဲ ပေးဝယ် ရတယ်။ နေရာတိုင်းတောင် မရတော့ဘူး။ တချို့ဆိုင်တွေဆို ပိတ်ထားကြတော့တာ။ ဆီကုန်သည် တွေလည်း သိုလှောင်ထားကြတော့တာ ထင်ပါတယ်ဗျာ။ ထုတ်မရောင်း ကြတော့ဘူး။ ကျွန်တော်တို့လို အခြေခံလူတန်းစားတွေ ဒုက္ခရောက်ကြတာပေါ့” ဟု ကလေးတောင်ပိုင်း ကျေးရွာတစ်ရွာတွင် နေထိုင်သူ ရွာသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ကလေးမြို့တွင် ဆီပြတ်လပ်မှုကြောင့် သွားလာရေး အခက်ကြုံနေပြီး ဓားပြမှု၊ ခိုးဝှက်လုယက်မှုများ ပိုမိုအဖြစ်များလာကြောင်း ကလေးမြို့ရှိ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ဓာတ်ပုံ – CJ

ပုံစာ – ကလေးမြို့တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ဓာတ်ဆီ အလုအယပ်ဝယ်ယူကြစဉ်

#ကလေးမြို့ #စက်သုံးဆီပြတ်လပ် #စျေးနှုန်းများမြင့်မား #ဆီဆိုင်အချို့ #ခွဲတမ်းဖြင့်ရောင်းချ #Ayeyarwaddy_Times