
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၇ ရက်
ရန်ကုန်တိုင်းအတွင်းရှိ စျေးနှုန်းများဖြစ်ပါသည်။
(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိစျေးကွက်၊ ညောင်ပင်လေး ဈေးနှင့် လက်လီဈေးကွက်တို့တွင် ဩဂုတ်လ ၁ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ်နိုင်ပါသည်။)
ယခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိုင်း-မြန်မာ အဓိကကုန်သွယ်ရေးလမ်းကြောင်း အာရှလမ်းမကြီးပျက်စီးမှုအပါအဝင် စင်ကာပူအခြေစိုက် UOB ဘဏ်က မြန်မာငွေစာရင်းများပိတ်မည်ဟု ကြေညာချက်ကြောင့် ပြည်တွင်းဈေးကွက်အတွင်း ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီနှင့် ကုန်ဈေးနှုန်းများမြင့် တက်လာသည်။
ထို့ပြင် မြဝတီလမ်းပျက်စီးမှုကြောင့် ထိုင်းနိုင်ငံဘက်ကတင်သွင်းသည့် လူသုံးကုန်၊ အိမ်သုံးပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းဈေးနှုန်းမြင့်တက်နေပြီး မြန်မာနိုင်ငံဘက်က ပို့ကုန်တင်ပို့နိုင်ခြင်းမရှိသည့် စားဖိုဆောင်သီးနှံတချို့ဈေးနှုန်း အနည်းငယ်ကျဆင်း သွားကြောင်း ညောင်ပင်လေးဈေးမှ စုံစမ်းသိရသည်။
#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာငွေကြေးလဲလှယ်မှု နှုန်းထားကို မည်သို့ပင် ထိန်းချုပ်ထားသည်ဟုဆိုသော်လည်း ဈေးကွက်၏ ဆုံးဖြတ်ချက်ကိုပင်လိုက်နာကာ ဈေးကွက်နေ့စဉ်ပေါက်ဈေးဖြင့်သာ အရောင်းအဝယ်ပြုလုပ် နေ၍ ဒေါ်လာစျေးမှာ မြင့်တက်လျက်ရှိနေသည်။
ထို့ပြင် ငွေကြေးဖောင်းပွမှု နှင့် ကုန်သွယ်မှုလိုငွေပြခြင်းတို့သည်လည်း နိုင်ငံခြားငွေ ဈေးမြင့်တက်ရခြင်း အကြောင်းရင်းများ ဖြစ်ကြောင်းသိရသည်။
ဩဂုတ်လ ၁၅ ရက်အတွင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ဈေးနှုန်း တစ်ဒေါ်လာလျှင် ၄၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး တရုတ်ယွမ်ငွေ ၆၀ ကျပ် နီးပါးမြင့်တက်ခဲ့ကာ ထိုင်းဘတ်ငွေ တစ်ဘတ်လျှင် တစ်ရာ(၁၀၀)ကျပ်ကျော် အထိ ဖြစ်လာသည်။
ဩဂုတ်လ ၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၃၃၀၇ ကျပ်ရှိရာမှ ဩဂုတ် ၁၆ ရက်နေ့တွင် ၃,၇၀၀ ကျပ် ကျော်ရောက်ရှိခဲ့သည်။
ထိုင်းဘတ်ငွေဈေးသည် ရက်ပိုင်းအတွင်း ထိုင်းတစ်ဘတ်လျှင် ၅ ကျပ် ကျော်ဈေး မြင့်တက်လာပြီး ထိုင်းဘတ်ငွေကို လိုအပ်သလောက်ဝယ်ယူ၍မရကြောင်း စုံစမ်းသိရ သည်။
ထိုင်းဘတ်ငွေသည် ဩဂုတ်လ ၁ ရက်နေ့တွင် ၉၈ ကျပ်ရှိရာမှ ဩဂုတ် ၁၆ ရက်နေ့တွင် ၁၀၃ ကျပ်အထိဈေးမြင့်တက်သွားပြီး မြန်မာငွေ တစ်သိန်းလျှင် ဘတ်ငွေ ၉၇၀ သာရရှိတော့မည်ဖြစ်သည်။
“ဈေးတွေအကုန်တက်ပဲ။ ဘတ်ဈေးတက်တယ်။ မြန်မာငွေမကိုင်ချင်တော့လို့ အခြား ငွေပြောင်းဝယ်ကုန်ကျတာ။ ဒေါ်လာလည်းဝယ်ဖို့ခက်တော့ ဘတ်တွေပြောင်းဝယ် ကြတာများတယ်။ တစ်ဘတ် ၉၀ ကျော်လောက်တုန်းက ကျွန်မလည်း နည်းနည်း ဝယ်ထားတယ်။ အများကြီးမဟုတ်ပါဘူး။ မြန်မာငွေ ဆယ်သိန်းဖိုးလောက်ပဲ ဝယ်ထားတာ”ဟု အင်းစိန်မြို့နယ်တွင်နေထိုင်သူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယင်းပြင်တရုတ်ယွမ်ဈေးသည်လည်း မြင့်တက်လျက်ရှိကာ ၁၅ ရက်အတွင်း ၃၄ ကျပ် ကျော်မြင့်တက်ပြီး မြန်မာငွေ တစ်သိန်းလျှင် ၁၉၇ ယွမ်သာရရှိကြောင်း တရုတ်နှင့် မြန်မာငွေ အရောင်းအဝယ်ပြုလုပ်သူတစ်ဦးထံက သိရသည်။
ဩဂုတ်လ ၁ ရက်နေ့တွင် တရုတ်ယွမ် တစ်ယွမ်လျှင် ၄၇၄ ကျပ်ရှိရာမှ ဩဂုတ်လ ၁၆ ရက်နေ့တွင် ၅၀၈ ကျပ်အထိမြင့်တက်လာခြင်းဖြစ်ကြောင်း တရုတ်နှင့် မြန်မာငွေ အရောင်း အဝယ်ပြုလုပ်သူက ဆိုသည်။
လက်ရှိတွင် အကယ်ဒမီ အခေါက်ရွှေဈေးနှုန်းက မြင့်တက်လျက်ရှိပြီး တစ်ကျပ်သားလျှင် ကျပ် ၃၇ သိန်း ဝန်းကျင်ရှိကာ ရွှေဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင် ဈေးနှုန်းကွာခြား ချက်ရှိကြောင်း စုံစမ်းသိရသည်။
ဩဂုတ်လ ၁ ရက်နေ့တွင် အကယ်ဒမီရွှေဈေး ၃၆ သိန်းဝန်းကျင်ရှိရာမှာ ဩဂုတ် ၁၆ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၈ သိန်းကျော်ရောက်ရှိနေသည်ကို ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
နိုင်ငံခြားငွေဈေးနှုန်းမြင့်တက်နေ၍ ပြည်တွင်းစက်သုံးဆီဈေးနှုန်းပါ အလိုအလျောက် မြင့်တက်လာပြီး ယခုရက်ပိုင်း အတွင်း ဓာတ်ဆီနှင့် ဒီဇယ် တစ်လီတာလျှင် ၂၃၀၀ ကျပ် ကျော်လွန်ခဲ့ကြောင်း စုံစမ်းသိရသည်။
ယခုရက်ပိုင်းအတွင်း ဒီဇယ် တစ်လီတာ ကျပ် ၂၅,၀၀ နီးပါး၊ ဓာတ်ဆီ ၉၅ တစ်လီတာ ကျပ်၂,၄၀၀ နီးပါးနှင့် ၉၂ တစ်လီတာ ကျပ် ၂,၃၀၀ ဝန်းကျင်ရောက်ရှိလာခြင်းဖြစ်သည်။
ဩဂုတ်လ ၁၆ ရက်နေ့တွင် ၉၂ တစ်လီတာ ကျပ် ၂,၂၈၅ ၊ ၉၅ တစ်လီတာ ကျပ် ၂,၃၉၅ ၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၂,၄၃၅ နှင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၂၀ ကျပ်ရှိကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီထံက သိရသည်။
ဩဂုတ် ၁ ရက်နေ့တွင် ၉၂ တစ်လီတာလျှင် ကျပ် ၂၂၄၀ ၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၃၅၀ ၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၃၅ နှင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ကျပ် ၂၃၆၀ ကျပ်ရှိကြောင်း အဆိုပါကော်မတီထံမှ သိရသည်။
နိုင်ငံခြားငွေလဲဈေးနှုန်းမြင့်တက်နေချိန်တွင် အထွေထွေကုန်ဈေးနှုန်း လည်းလိုက်ပါ မြင့်တက်နေပြီး ဆန်ဈေးနှင့် ထိုင်းထုတ်ကုန်ပစ္စည်းများ ဈေးမြင့်တက် လျက်ရှိသည်။
ထိုင်း-မြန်မာ အဓိကကုန်သွယ်ရေးလမ်းကြောင်း အာရှလမ်းမကြီးပျက်စီးမှုကြောင့် လက်ရှိတွင် ယခင် မြဝတီ – ကော့ကရိတ်လမ်းဟောင်းအသုံးပြုနေကာ အတက် တစ်ရက်၊ အဆင်းတစ်ရက် (စုံတက်၊ မဆင်း) အသုံးပြုနေရပြီး ပျက်စီးသွားသည့် မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးလမ်းပိုင်းနေရာကို ပြင်ဆင်နေကြောင်းသိရသည်။
ပြည်တွင်းတွင် ဆန်ဈေးနှုန်းများ ရုတ်တရက်မြင့်လာပြီး စပါးဈေးလည်း မြင့်တက်လျက်ရှိကြောင်း ဆန်စပါးရောင်းဝယ်သူများထံက သိရသည်။
ရွှေဘိုစပါးတင်းတစ်ရာလျှင် ကျပ် သိန်း ၄၀ ရှိပြီး ရွှေဘိုဆန်အိုးဝင်ထိပ်စတစ်အိတ်လျှင် အမြင့်ဆုံးဈေး ကျပ်တစ်သိန်းခွဲရှိကြောင်း ဆန်စပါးရောင်းဝယ်သူတစ်ဦးက ပြောကြား သည်။
ပြည်တွင်းစားသုံးမှုမြင့်မားသော ရွှေဘိုပေါ်ဆန်းမွှေးအိုးဝင်ထိပ် တစ်အိတ်လျှင် ကျပ် ၁၅၀,၀၀၀ ၊ ရွှေဘိုပေါ်ဆန်းမွှေထူးထူးရှယ် ကျပ် ၁၄၀,၀၀၀ ၊ ဧရာဝတီပေါ်ဆန်းမွှေး ကျပ် ၁၂၀,၀၀၀၊ ကြားပျံထူးထူးရှယ် ကျပ် ၁၁၅,၀၀၀၊ တောင်ပျံ ကျပ် ၁၁၀,၀၀၀ ၊ ပေါ်ဆန်းရိုးရိုး ကျပ် ၉၆,၀၀၀ ၊ ဆင်းသွယ် ကျပ် ၈၄,၀၀၀ ၊ ရက် ၉၀ ထူးရှယ် ၈၂,၀၀၀ ၊ မနောသုခရှယ် ၇၆,၀၀၀ နှင့် ဇီယာ ကျပ် ၇၄,၀၀၀ ရှိကြောင်း ဆန်လက်လီလက်ကား ရောင်းချသည့်ဆိုင်မှ သိရသည်။
စားသုံးဆီဈေးနှုန်းမှာလည်း ယခုတစ်ပတ်အတွင်း သိသိသာသာမြင့်တက်လာပြီး စစ်ကောင်စီသတ်မှတ်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄,၀၃၅ ဖြစ်ချိန်တွင် ပြင်ပပေါက်စျေး တစ်သောင်း(၁၀,၀၀၀) ကျပ်နီးပါး ရောက်ရှိ နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
“ တချို့နယ်တွေမှာ စားအုံးဆီဈေးတက်လို့ ဝယ်မရဘူးပြောတယ်။ ရန်ကုန်ဈေးမှာတော့ တစ်ပိဿာ ၉,၈၀၀ လောက်ရောင်းဈေးရှိတယ်။ ပဲဆီလည်းဈေးတက်တယ်။ ဟိုတလောက ထိုင်းဘက်ဝင်တဲ့ cook နေကြာဆီတို့ ဈေးကျသွားသေးတာ အခု ပြန်တက်သွားပြီ။ အကုန်ဈေးတက်တယ်” ဟု ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင်စားဖိုဆောင်သီးနှံတချို့တွင် ထိုင်းနိုင်ငံဘက်သို့ တင်ပို့ရန် export မရှိသဖြင့် သီးနှံများ အပါအဝင် ကြက်သွန်နီဈေးနှုန်းကျဆင်းကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
ဩဂုတ်လ ၁ ရက်နေ့တွင် ကြက်သွန်နီဈေး တစ်ပိဿာလျှင် ကျပ် ၂,၈၀၀ ရှိရာမှ ယခု ၂,၄၀၀ ကျပ်သို့ကျဆင်းသွားပြီး ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ်နှင့် အာလူးတစ်ပိဿာလျှင် ၃,၅၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေးနှုန်းအပြောင်းအလဲမရှိကြောင်း ညောင်ပင်လေးဈေးအတွင်းမှ စုံစမ်းသိရသည်။
#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #Ayeyarwaddy_Times