
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၉ ရက်
အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ အပါအဝင် မြန်မာစစ်တပ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေက မကြာခဏဆိုသလို ဖြစ်လာခဲ့တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများအဖွဲ့က အစီရင်ခံစာတစ်ခုမှာ ပြော ကြားခဲ့ပါတယ်။
မြန်မာစစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက စစ်ရာဇဝတ်မှုပုံစံသုံးမျိုး ကျူးလွန်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ အ ထောက်အထားတွေ တွေ့ခဲ့ရတယ်လို့ ၂၀၂၂ ခုနှစ် ဇူလိုင်လနဲ့ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ဖော်ထုတ်ခဲ့တဲ့ မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တယား (IIMM) က အစီရင်ခံစာအတွင်း ပြောပါတယ်။
မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေထဲမှာ ဗုံးတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားပြီး ရမ်း သမ်းတိုက်ခိုက်တာ၊ အရပ်သားနေအိမ်တွေ၊ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတာနဲ့ ရွာလုံးကျွတ်ဖျက်ဆီးတာ တွေ ပါဝင်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
မြန်မာစစ်တပ်က စစ်ဆင်ရေးတွေအတွင်း ထိန်းသိမ်းထားတဲ့ အရပ်သားတွေကို သတ်ဖြတ်တာတွေကို လည်း အစီရင်ခံစာက ကိုးကားဖော်ပြခဲ့ပါတယ်။
“အရပ်သားတွေအပေါ် စနစ်တကျ တိုက်ခိုက်တာတွေနဲ့အတူ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူ သားမဆန်တဲ့ရာဇဝတ်မှုတွေ သိသိသာသာ တိုးလာတာကို အထောက်အထားတွေက ပြနေပါတယ်။ ပြစ်မှုကျူး လွန်သူတွေ တာဝန်ခံစေရေး တရားရုံးတွေက အထောက်အထားတွေ အသုံးပြုနိုင်ဖို့ ကျွန်တော်တို့ အမှုတည် ဆောက်နေပါတယ်” လို့ IIMM အကြီးအကဲ နီကိုးလပ်စ်ခွန်ဂျင်က ပြောပါတယ်။
လွန်ခဲ့သောနှစ်နှစ်ကျော် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေ ဖြစ်လာခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက အတိုက်အခံတွေအပေါ် အကြမ်းဖက်ဖြိုခွင်းနေတဲ့ စစ်တပ်ကို မျက်နှာစာ ပေါင်းစုံမှာ တိုက်ခိုက်နေပါတယ်။
တိုက်ခိုက်မှုတွေ ဖြစ်ပွားချိန်မှာ အရပ်သားများစွာ ရှိတယ်ဆိုတာ မြန်မာစစ်တပ်က သိခဲ့တယ်လို့ ကုလ သမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။
ကိုးကား – TRT World
Ref; War crimes by Myanmar military becoming ‘increasingly brazen’: UN report