
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှ သြဂုတ်လ ၁ ရက်နေ့က စစ်ကောင်စီမှ အကျဥ်းသားများကို လွတ်ငြိမ်းခွင့်ပေးခဲ့ရာတွင် နိုင်ငံရေးအကျဥ်းသား ၁၈ ဦးသာပါ၀င်ကြောင်းအကျဥ်းဦးစီးဌာနနဲ့နီးစပ်သူများထံမှသိရှိရသည်။
လွှတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားအများစုမှာ စစ်ကောင်စီက ပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ) ပုဒ်မများဖြင့် ထောင်ဒဏ် ၂ နှစ်စီ ကျခံနေရသူများဖြစ်ပြီး ထောင်ဒဏ်ကလွှတ်ရန် လပိုင်းသာကျန်ရှိသူများဖြစ်ကြောင်းသိရှိရသည်။
“၅၀၅ နဲ့ အမိန့်ချပြီးသားသူတွေ လွှတ်တဲ့အထဲမှာပါတယ်။ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၈ ဦးပါ။ အများစုကတော့ လွတ်ရက်နီးတဲ့ သူတွေပါ”ဟု အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
လွှတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသား ၁၈ ဦးတွင် ပုသိမ်မြို့နယ်မှ အမျိုးသား ၄ ဦး၊ အမျိုသမီး ၃ ဦး၊ ကျောင်းကုန်းမြို့နယ်မှ အမျိုးသား ၇ ဦး၊ အမျိုးသမီး တစ်ဦး၊ ကျုံပျော်မြို့နယ်မှ
အမျိုးသား ၃ ဦးတို့ပါ၀င်ကြောင်း၎င်းမှ ဆက်လက်ပြောဆိုသည်။
ပုသိမ်အကျဥ်းထောင်တွင် အကျဥ်းသားများကို ညနေပိုင်းအချိန်တွင် စတင်လွှတ်ပေးခြင်းဖြစ်ပြီး နိုင်ငံရေးအကျဥ်းသား ၁၈ ဦးအပါအ၀င် အခြားအမှုအကျဥ်းသားများနှင့် ရဲဘက်စခန်းတွေက အကျဥ်းသား ၅၀၀ ကျော်ပါ၀င်ကြောင်းအကျဥ်းဦးစီးနဲ့နီးစပ်သူများထံမှသိရှိရသည်။
#ပုသိမ်အကျဥ်းထောင် #နိုင်ငံရေးအကျဥ်းသားပြန်လွှတ် #စစ်ကောင်စီတပ် #Ayeyarwaddy_Times