
ဧရာ၀တီတိုင်းမ်
သြဂုတ်လ ၂ ရက်
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်ဖွဲ့၀င် အမျိုးသမီးတစ်ဦးသည် ယမန်နေ့ (ဇူလိုင်လ ၃၀ ရက်နေ့) ည ၁၀ နာရီ၀န်းကျင်က သေနတ်ဖြင့် ပစ်ခတ်၍ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ရှမ်းနီ(SNA)တပ်ဖွဲ့၀င် အမျိုးသမီးသည် မိဘထံသို့ ပြန်ခွင့်တောင်းခံထားသော်လည်း SNA တပ်မှ ပြန်ခွင့်မပေးသောကြောင့် သေနတ်ဖြင့်ပစ်ခတ်ကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“သူက (ရှမ်းနီတပ်ဖွဲ့၀င်ပါ။ မိဘတွေဆီပြန်ဖို့ ခွင့်တောင်းတာ မပေးလို့ ညပိုင်းမှာ သူ့ဘာသူ သေနတ်နဲ့ပစ်သတ်ပြီး သေဆုံးသွာတာပါ။ တိုက်ပွဲကလည်း တောက်လျှောက်ဖြစ်နေတာမို့ ရှမ်းနီစစ်တပ်က စစ်သားတွေလည်း သေဆုံးမှုများတယ်။ ဒီအပေါ်မှာ ရှမ်းနီတွေ တော်တော်များများလည် စိတ်ဖိစီးမှုတွေ ဖြစ်နေကြတယ်လို့ သိရတယ်”ဟု ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။
သေဆုံးခဲ့သည့် ရှမ်းနီ(SNA)တပ်ဖွဲ့၀င်အမျိုးသမီးသည် ဟုမ္မလင်းမြိုနယ်၊ နောင်ပိုအောင်ကျေးရွာတွင် အခြေစိုက်စခန်းချနေစဥ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို မိဘများထံပြန်လည်အပ်ခြင်းမပြုဘဲ ဇူလိုင်လ ၃၁ ရက် နံနက် ၁၀ နာရီက နောင်ပိုအောင်ကျေးရွာအခြေစိုက် စခန်းချထားသည့်နေရာတွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ထို့ပြင် အဆိုပါ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီ(SNA)တပ်ဖွဲ့၀င်များသည် မော်လိုက် မြို့နယ်၊ ဟုမ္မလင်းမြိုနယ်၊ နောင်ပိုအောင်ကျေးရွာစသည့် ကျေးရွာများကိုစစ်ကြောင်း ထိုး၀င်ရောက်နေသည့်အပြင် ချင်းတွင်းမြစ်အတွင်းသွားလာနေသည့် ရေယာဥ်များ ကိုလည်း မကြာခဏ ဆက်ကြေးကောက်ခံမှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ – shanni nationalities army
#စစ်ကိုင်းတိုင်း #ဟုမ္မလင်း #စစ်ကောင်စီလက်အောက်ခံ #ရှမ်းနီSNAတပ်ဖွဲ့၀င် #အမျိုးသမီး #မိဘထံပြန်ခွင့်မပြု #သေနတ်ဖြင့်အဆုံးစီရင် #Ayeyarwaddy_Times