ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ သြဂုတ်လ ၁ ရက်
တနင်္သာရီ တိုင်း၊ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဇာဒီကျေးရွာအုပ်စုသို့ စစ်ကြောင်း ထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ရဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းခံရသော ဒေသခံရွာသားများအားလုံး ဇူလိုင်လ ၃၀ ရက် ညနေ ၆ နာရီခန့်က အားလုံးပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက် နံနက် ၅ နာရီခန့်က ဇာဒီကျေးရွာသို့ မြေတင်ကား ငါးစီး အင်အား ၁၅၀ ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်သည် လမ်းပေါ်တွင် သွားလာနေသည့် ဒေသခံရွာသားအများအပြားကို လူသားဒိုင်း အဖြစ်အသုံးချရန် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“စစ်ကောင်စီတပ်က သူတို့ကို ဖမ်းသွားကတည်းက လူသားဒိုင်းအနေနဲ့ အရှေ့က နေပြီးသွားခိုင်းတယ်။ ရွာသားတွေကို ကြားညှပ်ပြီးထားတယ်။ စစ်တပ်က အနောက်က လိုက်တယ်ပေါ့။ ပြီးတော့ ဖမ်းဆီးခံရတဲ့ဒေသခံတွေ အားလုံးကို စစ်တပ်ရဲ့ အသုံးဆောင်တွေဖြစ်တဲ့ လက်နက်ခဲယမ်းနဲ့ ကျောပိုးအိတ်တွေကိုသယ်ခိုင်းတယ်”ဟု ပြန်လည် လွတ်မြောက်လာသည့် မိသားစုနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကြောင်းထိုးရာတွင် လူသားဒိုင်းအဖြစ်အသုံးချ ဖမ်းဆီးခံထားရပြီး ပြန်လည် လွတ်မြောက် လာသည့် ဒေသခံများမှာ ခေါင်ပြန်ရွာ၊ ဒိုက်တကော်ရွာ၊ ခရင်းချောင်းရွာ၊ ထွက်ဝရွာနှင့် ဘဝါရွာ မှ ဒေသခံ ရွာသားများဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒေသခံများကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး လေးရက်မြောက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများကို ရိုက်နှက်ခဲ့ခြင်း မရှိကြောင်း သိရသည်။
“အခုဒေသခံတွေကို စစ်တပ်ကပြန်လွှတ်ပေးလိုက်တာက သူတို့ လိုချင်တဲ့ ခရီးကို ရောက်လို့ ပြန်လွှတ်ပေးလိုက်တာပါ။ ထားဝယ် – ရေနက်ဆိပ်ကမ်း အထိကိုခေါ်သွားတာ။ အဲ့ဒီနေရာကိုရောက်မှ ပြန်လွှတ်ပေးလိုက်တယ်။ ညက မိုးအရမ်းချုပ်သွားလို့ ရွာကို ပြန်လာလို့ မမီတော့ဘူးလေ။ အဲဒါကြောင့် နဘုလယ်ဒေသက လဲရှောင်ရွာ ဘုန်းကြီးကျောင်းမှာ ညအိပ်လိုက်ရတယ်။ ဒီမနက်တော့ အားလုံး နေအိမ်အသီးသီးကို ပြန်ရောက်လာကြပြီဖြစ်တယ်”ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
အဆိုပါ စစ်ကောင်စီတပ်သည် ရေနက်ဆိပ်ကမ်းသို့ရောက်သည်နှင့် လူသားဒိုင်း အဖြစ် ဖမ်းဆီးထားသည့် ဒေသခံရွာသားများ အားလုံးကို ပြန်လွှတ်ပေးခဲ့ပြီး ညတွင်းချင်းပင် သင်္ဘောများဖြင့် နောက်တစ်နေရာသို့ထွက်ခွာသွားကြောင်း သိရသည်။
ဇာဒီကျေးရွာအုပ်စု အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်သည် လေးရက်တာ အချိန်အတွင်း ဒေသခံများ၏ အိမ်မွေးတိရိစ္ဆာန် များဖြစ်သည့် ကြက် ၊ ဝက် များကို ခိုးယူ သတ်စားခဲ့ပြီး ဘဝါရွာ မှနေအိမ်လေးလုံး နှင့် ထွက်ဝရွာက စျေးဆိုင်နှစ်ဆိုင်ကိုလည်း ရိုက်နှက်ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းများကို ခိုးယူသွား ကြောင်းဒေသခံများထံက သိရသည်။
#ရေဖြူမြို့နယ် #ဇာဒီကျေးရွာအုပ်စု #စစ်ကောင်စီတပ် #ဒေသခံ #လူသားဒိုင်း #ဖမ်းဆီးခေါ်ဆောင် #ပြန်လည်လွတ်မြောက် #Ayeyarwaddy_Times