နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်
ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်က ထုတ်ပြန်ခဲ့သည့် ၂၀၂၂ ခုနှစ်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံ စာအပြင် ၎င်းအစီရင်ခံစာဆိုင်ရာ တံခါးဖွင့် အစည်းအဝေးအပေါ် စစ်ကောင်စီက ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီက ကလေးသူငယ် ထိခိုက်သေဆုံးမှုများတွင် ၎င်းတို့အနေဖြင့် ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ပြောဆိုမှုသည် အရှက်တရားမဲ့ ငြင်းဆိုမှုဖြစ်ပြီး ထိုသို့ ငြင်းဆိုနေခြင်းသည် စစ်ကောင်စီတပ်၏ မူလအမူအကျင့်ဖြစ်ပင်ကြောင်း CDM ဗိုလ်ကြီးနှင့် လေ့လာသူများက ဆိုထားသည်။
၂၀၂၂ ခုနှစ်အတွင်း ကလေးသူငယ် ထိခိုက်သေဆုံးမှုပေါင်း ၅၂၁ မှုဖြစ်ပွားခဲ့ပြီး အဆိုပါသေးဆုံးမှုများအနက် ၃၇၇ မှုသည် စစ်ကောင်စီက ကျူးလွန်ခဲ့သည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်ကို အဆိုပါ အချက်အလက်များသည် ၁၂ ဆမှ အဆ ၃၀ အထိ ဖောင်းပွနေသည်ကို စိတ်ပျက်ဖွယ် တွေ့ရှိရကြောင်း စစ်ကောင်စီက တုံ့ပြန်ပြောဆိုထားခြင်းဖြစ်သည်။
“ဒီလိုငြင်းတယ်ဆိုတာ စစ်ကောင်စီရဲ့ ထုံးစံအတိုင်း ဗြောင်လိမ်ဗြောင်စား လုပ်တာပါပဲ။ စစ်အာဏာသိမ်းပြီးနောက် ကလေးသူငယ် ထိခိုက်သေဆုံးမှုတွေရဲ့ အဓိကတရားခံဟာ စစ်ကောင်စီကလွဲလို့ တခြားဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။ လက်နက်ကိုင်ပဋိပက္ခနဲ့ မသက်ဆိုင်တဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ကိုတောင် အလွတ်မပေးဘဲ နှိပ်စက် သတ်ဖြတ်နေတာဟာ စစ်ကောင်စီပါပဲ” ဟု CDM ဗိုလ်ကြီး ဗစ်တာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံကို အထူးပြုထည့်သွင်း ဖော်ပြချက်များ ပါဝင်နေပြီး ထိုအရာသည် တစ်ဖက်သတ် တစ်ဆင့်စကားများနှင့် စွပ်စွဲချက်များအပေါ် အခြေခံထားကာ အစီရင်ခံစာ၏ နောက်ဆက်တွဲ၌ စာရင်းသွင်း ဖော်ပြခြင်းမှာလည်း နိုင်ငံရေးသွတ်သွင်းမှု တစ်ရပ်ဖြစ်သည်ဟု အစီရင်ခံစာအပေါ် စစ်ကောင်စီက ဝေဖန်ထားသည်။
ကုလအစီရင်ခံစာသည် လက်လှမ်းမီသလောက်ကိုသာ ရယူ၍ ထုတ်ပြန်ထားသော စာရင်းဖြစ်ပြီး နေစဥ်နှင့်အမျှ မြေပြင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် အကူအညီပေး ရေးအဖွဲ့များ၏ ပြောပြချက်များ၊ သတင်းပေးပို့ချက်များအရ စစ်ကောင်စီ၏ သတ်ဖြတ် မှုသည် ယခုထက်ပင် ပိုမို များပြားနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ် (NPLUF) အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“အစဥ်အဆက် နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို မတရားရယူပြီး ပြည်သူလူထုကို ဗိုလ်ကျအုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရ အဆက်ဆက်က ကိန်းဂဏန်း အမှားတွေနဲ့ ကမ္ဘာကို လိမ်လည်နေတာက ထူးဆန်းတဲ့အရာ မဟုတ်ပါဘူး။ အမြဲတစေ ငြင်းဆိုနေတာက မြန်မာစစ်တပ်ရဲ့ မူလအမူအကျင့်ပါ။ သတင်းနဲ့ နည်းပညာ မဖွံ့ဖြိုးသေးတဲ့ အတိတ် ကာလက စစ်အစိုးရတွေ လိမ်ချင်သလို ဖုံးချင်သလို ဖုံးနိုင်ပေမယ့် အခုလို သတင်းနဲ့ နည်းပညာခေတ်(Information technology age)မှာ လိမ်လည်ဖို့ ခက်ခဲနေပြီး ဖုံးလို့ဖိလို့ မရတော့ဘူးဆိုတာကို မှတ်ချက်ပေး ပြောချင်ပါတယ်” ဟု စောဘဦးလေးက ဆက်လက် ပြောသည်။
စစ်ကောင်စီက ကျူးလွန်သည့် စစ်ရာဇဝတ်မှုများထဲတွင် ကလေးသူငယ် ထိခိုက် သေဆုံး မှုသည် အမြဲမြင့်တက်လျက်ရှိပြီး စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကဲ့သို့ ဖြစ်စဉ်မျိုးတွင် ကလေးသူငယ် အများအပြား သေဆုံးမှုများ ရှိခဲ့သည်။
ထို့ပြင် ယခုနှစ် နှစ်ဆန်း ပိုင်းမှစတင်၍ စစ်ကိုင်း၊ ချင်းတခွင်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ရေစိပ် ခဲ့ကြောင်း စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“ပုံမှန်စစ်ပွဲတွေ၊ မြေပြင်ထိတွေ့ တိုက်ပွဲတွေထက်စာရင် လေကြောင်း တိုက်ခိုက် မှုကြောင့် ကလေးသူငယ်တွေ ထိခိုက်သေဆုံးမှု အရေအတွက်က ပိုပြီးများနိုင်တယ်။ လေကြောင်းတိုက်ခိုက်မှုကို လုပ်နိုင်တာက လက်ရှိမြန်မာနိုင်ငံမှာ ဘယ်သူပဲရှိသလဲ။ အကြမ်းဖက် စစ်တပ်ပဲ ရှိတာပဲဆိုတာ ရှင်းနေတာပဲ။ ဒါကို သူတို့ မကျူးလွန်ဘူးဆိုတဲ့ ကိစ္စက ဗြောင်လိမ်ဗြောင်စားပေါ့” ဟု ဦးစိုးဝင်းဆွေက ဆိုသည်။
ထို့ပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တို့ကြောင့် ကလေးသူငယ် ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ကို အမှုန်အမွှားမျှသာ ဖော်ပြ၍ မရေရာသည့် အသုံးအနှုန်းများဖြင့် ဖုံးကွယ်ရန် ကြိုးစားခဲ့ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။
နိုင်ငံတကာ အဖွဲ့အစည်းများ၊ သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းများ၊ ယုံကြည်ရသော အဖွဲ့အစည်းများ၏ ကိန်းဂဏန်း အချက်အလက်များနှင့် ခိုင်ခိုင်မာမာ ပြောဆိုချက်များ အပေါ် အာဏာသိမ်း စစ်ကောင်စီသည် မည်သည့်အခါကမှ ဝန်ခံခြင်း၊ တာဝန်ယူခြင်း မရှိခဲ့သလို ငြင်းမရသော သက်သေသက္ကာယများ ရှိနေသည်ကိုပင် ငြင်းဆန်နေခြင်းသည် နိုင်ငံတကာကို အရွဲ့တိုက်ခြင်းဖြစ်ကြောင်း ဦးစိုးဝင်းဆွေက ပြောကြားသည်။
ဓာတ်ပုံ-ပဇီကြီးကျေးရွာ လေကြောင်းကနေဗုံကြဲတိုက်ခိုက်ခံရမှုပုံ
#စစ်ကောင်စီ #ကလေးသူငယ် #ထိခိုက်သေဆုံး #ငြင်းဆို #ဗြောင်လိမ်ဗြောင်စား #Ayeyarwaddy_Times