ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၆ ရက်

ကရင်ပြည်နယ်၊မြဝတီခရိုင်၊ ကော့ကရိတ်မြို့နယ်အခြေ စိုက် ခလရ ၉၇ တပ်ရဲ့ ဗဟိုကင်း ဇူလိုင်လ ၁၅ ရက် မနေ့က မနက် ၉ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ အဲ့ဒီတပ်နဲ့နီးစပ်သူဒေသခံတွေဆီကသိရပါတယ်။
ဗုံးခွဲတိုက်ခိုက်မှုကြောင့်ခလရ ၉၇ တပ်ဗဟိုကင်းမှာသိမ်း ဆည်းထားတဲ့ငွေတွေကို လာရောက်ထုတ်ယူတဲ့ စစ်ကောင်စီလက်အောက်ခံ ကော့ကရိတ်မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း ၁ ဦး ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။

” ဒရုန်းနဲ့ဗဟိုကင်းကိုဗုံးချသွားတာ၊ ဗုံးချတဲ့အချိန်ကလည်း ၉ နာရီလောက်ဆိုတော့ မနက်ဘဏ်ဖွင့်ချိန် ဗဟိုကင်းမှာပိုက်ဆံလာထုတ်တာနဲ့ကြုံတာ။ စီးပွားရေးဘဏ်ကပိုက်ဆံတွေကို ၉၇ တပ်ဗဟိုကင်းမှာသိမ်းတာ။ မနက်ဆို လာထုတ်တယ်၊ ညနေဘဏ်ပိတ်ချိန်ဆိုပြန်လာအပ်တယ်။ မနက်ပိုင်းလာထုတ်တဲ့ ဘဏ်ဝန်ထမ်းတယောက်ထိသွားတာ” လို့ ခလရ ၉၇ နဲ့နီးစပ်တဲ့ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဲ့ဒီ ဒရုန်းကို စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ချနိုင်ခဲ့တယ်လို့ အဲ့ဒီဒေသခံကပြောဆိုပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။ စစ်ကောင်စီတပ်ရင်းများတွင် ဗဟိုကင်းသည် လက်နက်ခဲယမ်းများသိုလှောင်သိမ်းသည့် ပင်မကင်းရုံဖြစ်ပြီး သက်ဆိုင်ရာတပ်ရင်းများမှ ပြစ်မှုကျူးလွန်ထားသည့် စစ်ကောင်စီတပ်အချုပ်သားများဖမ်းဆီးထိန်းသိမ်းထားသည့်နေရာတခုဖြစ်ကြောင်း စစ်တပ်အသိုင်းအဝိုင်းထံကသိရသည်။

ကော့ကရိတ် ခလရ ၉၇ တပ်ဟာ ပြီးခဲ့တဲ့မတ်လအတွင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့မိန်းမတွေက တပ်တွင်းဆန္ဒပြတာတွေလုပ်ဆောင်လို့ ကော့ကရိတ် စကခ ၁၂ ကဗျူဟာမှူးလာရောက်ထိန်းသိမ်းခဲ့ရသေးတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။