ဧရာဝတီတိုင်းမ်
ဇွန်လ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)စစ်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်ကို ယမန်နေ့ ဇွန် ၁၂ ရက်နေ့က နေပြည်တော်စစ်ရုံးမှ လာရောက်ခေါ်ဆောင် သွားပြီး စစ်ဆေးနေကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ကရင်နီပြည်နယ်သို့ ပြောင်းရွှေ့ရန် အထက်လူကြီးများက စီစဥ်သော်လည်း လာဘ်ထိုးပါက နေရာပြောင်းစရာမလိုကြောင်း ပြောခဲ့မိသည့်အတွက် နေပြည်တော်စစ်ရုံးမှ လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

“ကရင်နီ ရပခကို ရွှေ့ဖို့စာကျတာ အကြိမ်ကြိမ်ရှိပြီ။ သူကနည်းမျိုးစုံနဲ့ ရှောင်လွှဲပြီးနေနေတာ။ ပြောရရင် လာဘ်ထိုးနေတာပေါ့။ ခုတစ်ခေါက်လည်း ပြောင်းဖို့ စာပို့ခံထားရတာ။ အဲဒါကို သူကအရက်သောက်နေရင်း ပြောမိတာ။ ခုတစ်ခါလည်း သူမပြောင်းဘူးပေါ့။ ပြောင်းရမှာမဟုတ်ဘူး ဂါလိုက်ရင်ရတယ်ဆိုပြီး၊ အဲဒါကို ဘယ်သူကအထက်ကိုပြန်တိုင်လည်းမသိဘူး။ နေ့ခင်းလောက်ကျတော့ ရဟတ်ယာဉ်နဲ့ လာခေါ်သွားတာ။ ပြောရရင် ခုနေရတဲ့ နမခလည်း နေချင်စရာမရှိပေမယ့် ရပခ ကပိုဆိုး တယ်” ဟု နေပြည်တော်စစ်ဌာနချုပ်နှင့် နီးစပ်သူတပ်တွင်း သတင်းရင်းမြစ်တစ်ဦး က ဧရာ၀တီတိုင်းမ်ကို ပြော သည်။

လက်ရှိတွင် နမခတိုင်းမှူးဗိုလ်ချုပ်သန်းထိုက်ကို နေ ပြည်တော်တွင် ဖမ်းဆီးထားကြောင်းနှင့် ၎င်းသည် ကလေးမြို့အခြေစိုက် အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ-၁၀ တပ်မမှူးမှ နမခတိုင်းမှူး အဖြစ်တာဝန်ပေးခံရသူဖြစ်သည်။ ယခင် နမခစစ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်ကို နယ်စပ်ရေးရာ ဒု၀န်ကြီးအဖြစ် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က ပြောင်းရွှေ့တာ၀န်ပေးအပ်ခဲ့ပြီးနောက် ဗိုလ်ချုပ်သန်းထိုက်အား နမခ တိုင်းမှူးအဖြစ် အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်သန်းထိုက်သည် စစ်တက္ကသိုလ် အပတ်စဥ် ၃၈ ဆင်းဖြစ်သည်။ ဗိုလ်ချုပ်သန်းထိုက် တိုင်းမှူး ဖြစ်သွားသည့်အတွက် စကခ -၁၀ တပ်မမှူးနေရာကို ဗိုလ်မှူးချုပ် စိုးလှိုင်အား အစားထိုးခန့်အပ်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တို့သည် စစ်ကောင်စီ၏ အနောက်မြောက်စစ်ဒေသကွပ်ကဲမှုတွင် ပါရှိပြီး စစ်ကောင်စီအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထိရောက်စွာကိုင်တွယ်နိုင်ခြင်း မရှိဘဲ ၎င်းတို့တပ်သားများ အထိနာကျဆုံးမှု များနေခြင်း ကြောင့် စစ်တိုင်းမှူးများ မကြာခဏလဲလှယ်ခန့်အပ်မှု များ ဖြစ်ပေါ်လျက်ရှိသည်။

ဗိုလ်ချုပ်သန်းထိုက်သည် လေချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင် ၊ ကစထ – ၁ မှူး ဒု ဗိုလ်ချုပ်ကြီး တေဇကျော်တို့ အပါအဝင် တပ်မမှူး၊ တပ်ရင်းမှူးများနှင့် ပူးပေါင်းကာ စစ်ကိုင်း တိုင်းနှင့် မကွေးတိုင်းအတွင်း “အလောင်းမင်းတရား” စစ်ဆင်ရေးကို ဆင်နွှဲပြီး အရပ် သားများကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း လုယက်ခြင်း၊ ကျေးရွာများကို မီးလောင်တိုက်သွင်းမှုများကို ကျူးလွန်ခဲ့သူဖြစ်သည်။

ဓာတ်ပုံ- အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်

#နမခ #တိုင်းမှူး #ဗိုလ်ချုပ်သန်းထိုက် #ဖမ်းဆီးခံရ #လာဘ်ထိုးမှု
#Ayeyarwaddy_Times