
ကိုကိုမောင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အရှေ့ဘက်ခြမ်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးတင်ရှို့ခဲ့သဖြင့် ဒေသခံများ၏ မျိုးအဖြစ်ထားရှိသော သီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရသလို စိုက်ပျိုးထားသော သီးနှံများမှာလည်း ရိတ်သိမ်းချိန်လွန်ကာ ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်မှာ လက်ပံတောင်းတောင်ဒေသရှိ ဝမ်ပေါင်တရုတ်ကုမ္ပဏီ စီမံကိန်းအတွင်းစခန်းချ၍ ပြီးခဲ့သည့် ဇွန်လအတွင်း မုံရွာအရှေ့ဘက်ခြမ်းရှိ ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာများကို စစ်ကြောင်းထိုးကာ ဒေသခံ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပစ္စည်းများလုယက်ခြင်းနှင့် ရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်တပ်၏အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာထွက်ပြေးကြရသဖြင့် စိုက်ပျိုးထားသော နှမ်း၊ ပြောင်း၊ ခရမ်းချဉ်သီး၊ ခရမ်းသီးနှင့် တိုင်ထောင်ပဲသီးနှံများ ဧကထောင်နှင့်ချီ၍ ရိတ်သိမ်းချိန်လွန်ကာ ပျက်စီးခဲ့ကြောင်း ဒေသခံ တောင်သူများထံက သိရသည်။
“ရွာပတ်လည်မှာ နှမ်းတွေ၊ ပြောင်းတွေစိုက်ထားတာ။ စစ်တပ်က စစ်ကြောင်းထိုးတဲ့အချိန်က နှမ်းရိတ်သိမ်းချိန်။ ကျွန်မတို့နှမ်းခင်းဆို ရိတ်ခါနီးကျမှ စစ်ကြောင်းထိုးတော့ အကုန်ထွက်ပြေးကြရတာ။ စစ်တပ်က တကျော့ပြန် စစ်ကြောင်းထိုးမှာကြောက်နေရလို့ အခုထိတောင် ရွာကို မပြန်နိုင်သေးဘူး”ဟု ဆားလင်းကြီးမြို့နယ်မှ နှမ်းစိုက်တောင်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်က ဝမ်ပေါင်တရုတ်ကုမ္ပဏီ၏ ကြေးနီစီမံကိန်း အနီးတဝိုက်ကျေးရွာများကို နယ်မြေရှင်းလင်းရေး ပြုလုပ်ရင်း ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် မိုးကြိုးပြင် (မြောက်)၊ ဆည်တဲ (ရွာဟောင်း)၊ တုံရွာ၊ တောကျောင်း၊ ရွာသစ်၊ ထန်းတောကြီးစသည့်ကျေးရွာများ မီးရှို့ခံခဲ့ရပြီး အိမ်အလုံးရေ ၁၀၀ ကျော် မီးလောင် ပျက်စီးခဲ့သလို ဒေသခံ ၈ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်တပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးရန် “မျိုးသီးနှံ”အဖြစ် သိမ်းဆည်းထားသည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပြောင်း၊ နှမ်း၊ ခရမ်းချဉ်သီး၊ တိုင်ထောင်ပဲ၊ ခရမ်းသီး၊ မြေပဲ၊ ငရုပ်စသော သီးနှံများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
မျိုးသီးနှံများ မီးလောင်ပျက်စီးမှုနှင့် အာဏာသိမ်းစစ်တပ်၏အကြမ်းဖက်မှုများကို ကြောက်ရွံ့နေရသည့်အတွက် ဆားလင်းကြီးနယ်ရှိ ရွာပေါင်း ၂၈ ရွာမှ မြေဧက ၅၀၀၀ ကျော်ကို သီးနှံများ ပြန်လည်စိုက်ပျိုးရန် အခက်တွေ့နေကြောင်း သိရသည်။
“စစ်ကောင်စီတပ်တွေက ဝမ်ပေါင်စီမံကိန်းနဲ့အနီးတဝိုက်ရွာတွေကို စစ်ကြောင်းထိုး မီးရှို့တဲ့အတွက် ရွာထဲမှာ သိုလှောင်ထားတဲ့ မြေပဲ၊ နှမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီမျိုးတွေအကုန် မီးလောင်ပျက်စီးသွားတယ်။ အဲဒီ မီးရှို့ခံလိုက်ရတဲ့ရွာတွေက လက်ပံတောင်းတောင်ဒေသအတွက် အဓိက မျိုးသီးနှံတွေ ဝယ်နေရတဲ့ရွာတွေ။ ဒီမှာက မျိုးသီးနှံတွေကို တရွာနဲ့တရွာ လက်ဆင့်ကမ်းရောင်းဝယ်ပြီး စိုက်ပျိုးကြတာ။ အခုလိုဖြစ်တော့ စိုက်ပျိုးထားတဲ့ ခရမ်းသီးတွေ၊ တိုင်ထောင်ပဲတွေ ဒီတိုင်းပစ်ထားပြီး ပြေးရတဲ့အပြင် အခုလို မျိုးသီးနှံတွေ မီးလောင်တော့ ပြန်စိုက်ဖို့ မျိုးမရှိတော့လို့ အကုန်ဒုက္ခရောက်နေကြတယ်။ ဆုံးရှုံးမှုကတော့ ပြောမပြတတ်အောင်ပဲ”ဟု တုံရွာမှ တောင်သူအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်မှာ စစ်ကြောင်းထိုးခြင်းများ ခေတ္တရပ်တန့်ထားပြီး အင်အား ၅၀၀ ခန့်ဖြင့် တရုတ်ဝမ်ပေါင်စီမံကိန်းအတွင်း တပ်စွဲစခန်းချထားပြီး ရေကြောင်းမှတဆင့် စစ်အင်အားဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။