ဧရာဝတီတိုင်းမ်
မေလ ၁၀ ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဘိသလွန်အုပ်စု၊ ကရင်တောကျေးရွာအနီးမှာ ဒီကနေ့ မေလ ၁၀ ရက် မနက်ပိုင်းမှာ ဆိုင်ကယ် ၄ စီးနဲ့ မောင်းနှင်လာတဲ့ ဒေသခံ ၈ ဦးကို စစ်ကောင်စီတပ်က စစ်ကားလေးစီးနဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုဟာ ဒီကနေ့ မနက် ၆ နာရီ ၅၀ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကိုကျော်စွာအပါအဝင် ၂ ဦးသေဆုံးခဲ့တဲ့အပြင် အမျိုးသမီး ၁ ဦးအပါအဝင် ၄ ဦးဖမ်းဆီးခံရပြီး ၂ ဦးလွတ်မြောက်သွားတယ်လို့ ​ဒေသခံတွေကပြောပါတယ်။

“စစ်တပ်က ငဝန်မြစ်ကူး တံတားမှာ ကင်းပုန်းချထားတာ၊ ဆိုင်ကယ် ၄ စီးသူတို့ရှေ့ကဖြတ်မောင်းသွားချိန် မသင်္ကာလို့ဆိုပြီး နောက်က ကားနဲ့ လိုက်ပစ်တာတာ။ ဆိုင်ကယ် PCX ထဲက စာရွက်စာတန်းတွေ သိမ်းသွားတယ်လို့ပြောတယ်။ အသေစိတ်တော့ မသိရသေးဘူး။ အဓိကတော့ စစ်တပ်က ခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေကြောင့် ဖြစ်ရတာ” လို့ လေးမျက်နှာမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ကိုကျော်စွာ အပါအဝင် ၂ ဦးသေဆုံးမှုနဲ့ အမျိုးသမီး ၁ ဦးအပါအဝင် ၃ ဦးဖမ်းဆီးခံရမှုမှာလည်း ကရင်တောကျေးရွာ စစ်ကောင်စီခန့် ရာအိမ်မှူး ကိုသိန်းဦးက ၎င်းတို့ ထွက်ပြေးသွားတဲ့ နေရာကို လမ်းညွန်သတင်းပေးတာကြောင့်ဖြစ်တယ်လို့ လေးမျက်နှာ ဒေသခံတွေကဆိုပါတယ်။

ဒါ့ပြင် ဒီကနေ့ နေ့လည် ၂ နာရီဝန်းကျင်က ဟင်္သာတမြို့က ကိုညိမ်းချမ်းထွေး ထပ်မံဖမ်းဆီးခံရမှုမှာလည်း ကတက်ကုန်းအုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အောင်ဆန်းမြင့် ရဲ့ သတင်းပေးမှုကြောင့် ဖမ်းဆီးခံရတာလို့ ၎င်းကဆက်လက်ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ လေးမျက်နှာမြို့နယ်၊ ဘိသလွန်အုပ်စု၊ ကရင်တောကျေးရွာ၊ ဘောဓိကျေးရွာ၊ ကတက်ကုန်းအုပ်စု၊ ကညင်ကွင်းကျေးရွာတွေမှာ ကင်းပုန်းချထားပြီး လွတ်မြောက်သွားတဲ့ ၂ ဦးကို ထပ်မံဖမ်းဆီးဖို့ ကြိုးစားနေတယ် လို့ လေးမျက်နှာမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဓာတ်ပုံ-စစ်ကောင်စီတပ်တွေရဲ့ကင်ပုန်းအနီး
#လေးမျက်နှာ #ဆိုင်ကယ်မောင်းနှင်လာတဲ့ #ဒေသခံ၈ဦး #စစ်ကောင်စီက #စစ်ကားလေးစီးနဲ့ #လိုက်ပစ်၂ ဦးသေဆုံး
#၄ဦးဖမ်းဆီးခံရ#Ayeyarwaddy_Time