ဇွဲနိုင်/(ဧရာဝတီတိုင်းမ်)
(ရေဖြူ)၊ဧပြီလ ၈ ရက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဇာဒီရွာ က ဒေသခံအမျိုးသားတစ်ဦးကို မောရဝတီရေတပ် စစ်ကောင်စီတပ်သားများက ဧပြီလ ၆ ရက်နေ့က
သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၂၇ နှစ်အရွယ် ကိုအောင်ကို ဆိုသူဖြစ်ပြီး ဧပြီလ ၆ ရက် ညနေ ၄ နာရီ၂၀ မီနစ်ခန့်အချိန်က သစ်လှတောရပ်ကွက်အတွင်း ဆိုင်ကယ်မောင်းနှင်လာစဥ် စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင်း သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သူက ရာဘာခြံထဲက အလုပ်သမားပေါ့။ သူက
သူ့သူငယ်ချင်းခြံထဲကနေ ဆိုင်ကယ်နဲ့ထွက်လာတာ။ ဆိုင်ကယ်နဲ့ထွက်လာတုန်း ကံပေါက်ဖက်ကနေ ဆင်းလာတဲ့စစ်တပ်ကား ၃ စီးနဲ့ တွေ့တာ။ အင်အားက ၅၀ လောက်ရှိတယ်။ အဲ့ချိန်မှာ စစ်တပ်ကားက ဆိုင်ကယ်ရပ်ခိုင်းတယ်ထင်တယ်။ သူလည်းမကြားတော့ကြောက်ကြောက်နဲ့မောင်းသွားတာပေါ့။ အဲဒီအချိန်မှာ သူ့ကို စစ်သားတွေက ကားပေါ် ကနေပြီး သေနတ်နဲ့ ၁၀ ချက်လောက် ရှိတယ်ပစ်လိုက်တာ။ အဲဒီနေရာမှာပဲ့ သူက သေနတ်ထိတော့မသွားနိုင်တော့ဘူးလေ။အဲဒီအချိန်မှာပဲ့ စစ်သားတွေကို သူ့ကိုရော ဆိုင်ကယ် ကိုပါ စစ်ကားနဲ့တင်သွားတယ်”ဟု ဇာဒီရွာက ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူကိုအောင်ကို၏ နောက်ကျော၊ တင်ပါးဆုံနှင့် ခြေထောက်တို့တွင် ကျည်တစ်ချက်စီ အသီးသီးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းအား စစ်ကောင်စီတပ်များက မောရဝတီရေတပ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဆေးရုံ၌ သွေးထွက်လွန်ကာ သေဆုံးသွားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

သေဆုံးသူ ကိုအောင်ကိုတွင် ၎င်း၏ ဇနီးဖြစ်သူမှာ ကိုယ်ဝန် ၄ လ နှင့် အသက် ၄ နှစ် အရွယ် သမီး တစ် ဦး ကျန်ရစ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

၎င်း၏ရုပ်​အလောင်းအား စစ်ကောင်စီတပ်မှ ရင်ခွဲစစ်ဆေးပြီးနောက် ယမန်နေ့ မနက်ပိုင်းက ၎င်း၏ မိသားစုဝင်များကို လာရောက်ထုတ်ယူခိုင်းခဲ့ကြောင်း စျာပနကိုတော့ ယမန်နေ့ နေ့လည် ၁၂ နာရီခန့်အချိန်က ဇာဒီရွာ သုသာန်တွင် သဂြိုလ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

#ကံပေါက် #ဇာဒီ #စစ်ကောင်စီ #ဒေသခံ #အမျိုးသား #ပစ်ခတ် #သတ်ဖြတ်
#Ayeyarwaddy_Times