ဧရာဝတီတိုင်းမ်
မတ်လ ၃၀ ရက်
ရခိုင်ပြည်နယ်အတွင်းရှိ အရပ်ဘက်လူမှုအသင်း အဖွဲ့အစည်းများအားလုံး အသင်းမှတ်ပုံ တင်ကြရန်နှင့် လက်နက်ကိုင်အဖွဲ့များအား မထောက်ပံ့ရန် ပြည်နယ် စစ်ကောင်စီ ဥက္ကဌ ဦးထိန်လင်း က မတ်လ၂၈ ရက်နေ့တွင် ခေါ်ယူသတိပေးပြောဆိုခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ရခိုင်ပြည်နယ်ကောင်စီအဖွဲ့သည် မတ်လ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ရခိုင် ပြည်နယ်အတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများအား ပြည်နယ်အစိုးရရုံးသို့ခေါ် ယူ၍ စစ်ကောင်စီက အသစ်ပြဌာန်းထားသည့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ရှင်းပြခဲ့ပြီး လိုက်နာမှုမရှိသော အဖွဲ့အစည်းများအား အရေးယူဆောင်ရွက်သွားမည့်အကြောင်းကို ခေါ်ယူပြောကြားခဲ့သည်ဟု အစည်းအဝေး သွားရောက်ခဲ့သည့် အရပ်ဖက်အဖွဲ့ အစည်းများထံမှ သိရသည်။
“စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ ဥပဒေအသစ်ကိုရှင်းပြတယ်။ တရားမဝင်အဖွဲ့တွေ၊ အကြမ်းဖက်အဖွဲ့တွေ၊ မတရားအသင်းတွေနဲ့ ဆက်စပ်မှု မလုပ်ရဘူး။ မထောက်ပံ့ရဘူး လို့ပြောတယ်။ အဖွဲ့အစည်းနာမည်တွေတပ်မပြောပေမဲ့ AA အပြင် pdf နဲ့ NUG လည်းပါတာပေါ့။ သူတို့တားမြစ်ထားတဲ့ အရာတွေကို ကျူးလွန်ရင် ဘယ်လို ပြစ်ဒဏ်တွေ ကျခံရမယ်ဆိုတာကို သတိပေးတာပါ။ ပြီးတော့ မှတ်ပုံမတင်ထားတဲ့ အဖွဲ့အစည်းတွေကိုလည်း ဖျက်သိမ်းပြီးအရေးယူမယ် ပြောတယ်။ ဒီ အကြောင်း အရာတွေက ဥပဒေမှာ ပါရှိပြီးသားဆိုပေမယ့် အခုလိုခေါ်ပြောတာ အဖွဲ့အစည်းတွေကို ပိုကျပ်တည်းအောင်လုပ်လိုက်တဲ့ သဘောဖြစ်သွားတာပေါ့” ဟု အစည်းအဝေးသွားရောက်ခဲ့သည့် အရပ်ဖက်အဖွဲ့အစည်း ခေါင်းဆောင်း တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အသစ်ပြဌာန်းလိုက်သည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဥပဒေသစ်တွင် ပြည်နယ်အဆင့် မှတ်ပုံတင်ထားသည့် အရပ်ဖက် အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက် များနှင့် ငွေစာရင်းရှင်းတမ်းများကို တစ်နှစ်အကြိမ်တင်ပြရမည်ဖြစ်ပြီး မြို့နယ်အဆင့် မှတ်ပုံတင်ထားသည့် အရပ်ဖက်အဖွဲ့အစည်းများမှာ သုံးလတစ်ကြိမ် တင်ပြရမည်ဟု သိရသည်။
ယင်းအပြင် ရခိုင်ပြည်နယ်ရှိ အရပ်ဖက်အဖွဲ့အစည်းများအနက် မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းများနှင့် မှတ်ပုံမတင်ရသေးသည့်အဖွဲ့အစည်းများ သက်တမ်းတိုး မှတ်ပုံတင်ရန်ပြောဆိုခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းမရှိဘဲ လုပ်ဆောင်နေပါက စိစစ်အရေးယူသွားမည်ဟု ပြည်နယ်ကောင်စီ ဥက္ကဌ ဦးထိန်လင်းက ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော်(AA) တို့၏တိုက်ပွဲ ကာလ အတွင်း တရားဝင် မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းများအပြင် လူ လေးငါးယောက် ဖြင့်တစ်နိုင်တပိုင်ဖွဲ့ စည်းထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့လည်း များစွာရှိနေသည်။
စစ်ကောင်စီက ယခုကဲ့သို့ ဥပဒေအသစ်ပြဌာန်းလိုက်ခြင်းသည် ထိုကဲ့သို့သော လူမှုအဖွဲ့ အစည်းများအတွက် အခက်အခဲ ဖြစ်သွားစေနိုင်သည်ကြောင်း အရပ်ဖက်အဖွဲ့အစည်း တစ်ခု၏ တာဝန်ရှိသူက ဆိုသည်။
“မှတ်ပုံမတင်ရသေးတဲ့မြို့နယ်တွေက အဖွဲ့အစည်းတွေအနေနဲ့ ကူညီကယ်ဆယ် ရေးလုပ်ငန်းတွေ ဆက်လုပ်ဖို့အခက်အခဲရှိသွားတာပေါ့။ အခုလိုခေါ်ယူသတိပေးတာက လက်နက်ကိုင်အဖွဲ့တွေကို ငွေကြေးမထောက်ပံ့နိုင်အောင်လုပ်တာဆိုပေမဲ့ ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေအတွက် နစ်နာမှုရှိသွားနိုင်တယ်။ အရင်လိုမျိုး ကူညီ ပေးချင်တဲ့အဖွဲ့ကသွားကူညီလို့ မရတော့တဲ့အခြေနေမျိုးဖြစ်သွားပြီ ” ဟု အရပ်ဖက် အဖွဲ့အစည်း တစ်ခု၏ တာဝန်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရခိုင်တပြည်နယ်လုံးတွင် အရပ်ဖက်အဖွဲ့အစည်း စုစုပေါင်း ၄၀၀ နီးပါးခန့်ရှိပြီး ယင်းအထဲမှ အသင်းမှတ်ပုံတင်ထားသည့် အရပ်ဖက်အဖွဲ့အစည်း ၃၀ ကျော်ခန့်သာ စစ်ကောင်စီကခေါ်ယူသည့်အစည်း အဝေးကိုတက်ရောက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနှစ်တွင် ပြဌာန်းခဲ့သည့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဥပဒေကို ဖျက်သိမ်း၍ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေသစ် တခုကို ပြန်လည်ဖွဲ့စည်းကြောင်း ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ ဥပဒေသစ်အရ မှတ်ပုံတင်ထားသည့် အရပ်ဖက်အဖွဲ့အစည်းများသည် လက်နက်ကိုင် ဆန့်ကျင်နေသည့်အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များ၊ အကြမ်းဖက် လုပ်ရန်များကို ကျူးလွန်သည်ဟုသတ်မှတ်ထားသော အဖွဲ့အစည်းများနှင့်ပုဂ္ဂိုလ်များ၊ မတရားအသင်းနှင့် ယင်းမတရားအသင်း၏အဖွဲ့ဝင်များစသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ဆက်သွယ်ခြင်း(သို့မဟုတ်) အားပေးကူညီခြင်းမပြုရဟု ပါရှိသည်။
အကယ်၍ ဥပဒေကို ဖောက်ဖျက်ပါက သက်ဆိုင်ရာအရပ်ဖက်အဖွဲ့အစည်း၏ တာဝန်ရှိ သူမှာ ထောင်ဒဏ် ၅ နှစ်ဖြစ်စေ၊ငွေဒဏ် သိန်း ၅၀ (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်စလုံးထိ ချမှတ်ခံရမည့်အပြင် အသင်းကိုလည်းဖျက်သိမ်းကာ အသင်းပိုင်ငွေကြေးနှင့် ပစ္စည်း များကိုလည်း သိမ်းဆည်းရမည်ဟု ပါရှိသည်။
#ရခိုင်ပြည်နယ် #အရပ်ဖက်အဖွဲ့အစည်းများ #စစ်ကောင်စီ #မှတ်ပုံတင် #အရေးယူ #အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဥပဒေသစ် #Ayeyarwaddy_Times