နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ်လ ၂၄ ရက်
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဆိုခြင်းသည် အာဏာသိမ်း စစ်ခေါင်းဆောင်ကိုရုရှားရှေ့နေချုပ်က မြန်မာပြည်လာပြီး ဓာတ်ဆီလာလောင်းခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ် (NPLUF) အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ရုရှားနိုင်ငံရှေ့နေချုပ် H.E. Mr. Igor Krasnov သည် မတ် ၂၂ ရက်က နေပြည်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးဆိုင်ရာ တိုးတက်ကောင်းမွန်မှု အခြေ အနေများ၊ ဥပဒေရေးရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
“မသူတွေရဲ့ ပြဌာန်းချက်က ဥပဒေလို့ မမည်ပဲ ဖိနှိပ်မှုတွေပဲ ဖြစ်လာမှာပါ။ ပိုပြီးလွဲနေတာက ရှေ့နေချုပ်ဆိုတာ ဥပဒေကို ပြဌာန်းလို့ရတဲ့ Person or Institution မဟုတ်ဘူး။ သူတို့နိုင်ငံမှာလည်း ရှိကိုမရှိတာ ကျနော်တစ်ထစ်ချ ပြောရဲတယ်။ ရုရှားဟာ ဖက်ဒရယ်ရေးရှင်း နိုင်ငံဖြစ်တာမို့ ဥပဒေပြု အဖွဲ့အစည်းဖြစ်တဲ့ ပါလီမန်ရှိနေတယ်။ ရုပ်ပြပါလီမန် ဖြစ်တာက တစ်ပိုင်းပေါ့။ ပါလီမန်ရှိတဲ့ နိုင်ငံမှန်သမျှ ဥပဒေပြုရေး (Legislation Power) ကို ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်ကမျှ ကျော်လွန်လုပ်ဆောင်ခွင့် မရှိဘူး။ ကျွန်တော်ထင်တာကတော့ ရုရှားရှေ့နေချုပ်က မင်းအောင်လှိုင်ကို ဓာတ်ဆီလာလောင်းတာပဲ” ဟု NPLUF အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ပြောသည်။
မြန်မာနိုင်ငံမှ ဥပဒေပညာရှင်များအား ရုရှားနိုင်ငံတွင် ဥပဒေပညာရပ်များ သင်ကြားပေးမည့် အခြေအနေများနှင့် ရုရှားနိုင်ငံမှ ဥပဒေရေးရာကျွမ်းကျင်သူများက မြန်မာနိုင်ငံတွင် ဥပဒေနှင့်ပတ်သက်၍ လာရောက်သင်ကြားပေးမည့် အခြေအနေများ၊ စစ်ဘက်ဥပဒေများ သင်ကြားနိုင်ရေးအတွက် မြန်မာနိုင်ငံမှ သင်တန်းသားများ စေလွှတ်သွားမည့် အခြေအနေတို့ကို ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ဖော်ပြခဲ့သည်။
“နိုင်ငံတနိုင်ငံမှာ ဥပဒေကို ပြဌာန်းတာ၊ လက်တွေ့ကျင့်သုံးတာဟာ အစိုးရတစ်ရပ်ရဲ့ လုပ်ငန်း ဆောင်တာတွေပါ။ ဒီနေရာမှာ နိုင်ငံတစ်နိုင်ငံမှာ ဖြစ်တည်နေတဲ့ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းရဲ့ တရားဝင် ရပ်တည်မှုကို ပြန်ပြီး သုံးသပ်ဖို့ လိုလာတော့ကာ စစ်တပ်ဟူသည် ထိုနိုင်ငံရဲ့ Institution တစ်ခုလား၊ သို့မဟုတ် Instruments လား ဆိုတာကတော့ ကွဲပြားဖို့ လို့ပါလိမ့်မယ်။ နိုင်ငံတာကာရဲ့ လုပ်ထုံး လုပ်နည်းအရ ဒါကိုထည့်ပြောရတာက ကျနော်တို့နိုင်ငံဟာ ကုလအဖွဲ့ဝင် နိုင်ငံဖြစ်နေတော့ကာ ကိုယ်ပိုင်အချုပ်အခြာ အာဏာနဲ့ သွားတယ်လို့ ဘယ်လောက်ပြောပြော နိုင်ငံတကာ လုပ်ထုံး လုပ်နည်းကိုတော့ ဆန့်ကျင်လို့ မရပါဘူး” ဟု ၎င်းက ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ရုရှားဘာသာစကား သင်တန်းများ ဖွင့်လှစ်လျှက်ရှိမှုနှင့် ရုရှားနိုင်ငံတွင် မြန်မာဘာသာစကား သင်တန်းများ ဖွင့်လှစ်သင်ကြားလျှက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရေးတို့ကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရုရှားရှေ့နေချုပ် H.E. Mr. Igor Krasnov တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
“နိုင်ငံတကာ လုပ်ထုံးလုပ်နည်းအရကော မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခြေဥအရ အပါအဝင် တည်ဆဲဥပဒေတွေအရကော စစ်တပ်က Instrument အနေနဲ့ပဲ ရပ်တည်ရမှာပါ။ သို့သော် နိုင်ငံရဲ့ Mother Law လို့ ဆိုရမယ့် Constitution ကနေ စစ်တပ်သည် မိမိမတည်ရှိသင့်တဲ့ နေရာကို ဖန်တီးခဲ့တဲ့အပြင် အခုလို မလုပ်သင့်မလုပ်ထိုက် အလုပ်တွေကိုတောက်လျှောက်လုပ်ခဲ့ပြီးမှ သူတို့လုပ်သမျှ အလုပ်တွေဟာ ဥပဒေနဲ့အညီ ဖြစ်ပါတယ်လို့ ပြောနေတော့ကာ ဘယ်ဥပဒေတွေနဲ့ ဘယ်လို ညီနေသလဲလို့ပဲ ကျနော်ပြန်မေးရတော့မယ်။ မှတ်ချက်ပေးပါ ဆိုရင်တော့ တစ်ခုတည်းပဲ မှတ်ချက်ပေးရမှာပါ။ ဘယ်သူခိုးကမျှ ကျနော် ခိုးပါတယ်၊ ကျနော် သူခိုးဖြစ်ပါတယ်လို့ ပြောရိုးမရှိဘူး” ဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ပြောသည်။
ဒါ့ပြင် ရုရှားရှေ့နေချုပ် H.E. Mr. Igor Krasnov သည် စစ်ကောင်စီခန့် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်တို့နှင့်လည်း တွေ့ဆုံခဲ့ပြီး ဥပဒေရေးရာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ ဥပဒေစနစ်နှင့် ဥပဒေပြုရေးဆိုင်ရာ သတင်းအချက် အလက်များ၊ အတွေ့အကြုံများ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း၊ ရုရှားရှေ့နေချုပ် ခရီးစဉ်အတွင်း နှစ်နိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
#ရုရှား #ရှေ့နေချုပ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။