နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ်လ ၁၁ ရက်

ကရင်နီ(ကယား)ပြည်နယ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ရန်အတွက် ပအိုဝ်းလူမျိုးများကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အသုံးချနေကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC) အထွေထွေအတွင်းရေးမှူး(၁) ခွန်ဝါးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအိုဝ်းပြည်သူ့စစ် – PNO/PNA) ခေါင်းဆောင် ဦးအောင်ခမ်းထီ၏ နေအိမ်သို့ လာရောက်၍ တွေ့ဆုံဂါဝရပြုခဲ့သည်။

PNO ခေါင်းဆောင်ဦးအောင်ခမ်းထီကို ဂါရ၀ပြု တွေဆုံခဲ့ခြင်းနှင့်ပတ်သက်၍ “မင်းအောင်လှိုင်လာတဲ့ ကိစ္စက ကရင်နီနဲ့ PDF ကို စစ်တိုက်ဖို့ အဓိကထား လာပြီးပြောတာပဲလို့တော့ မြင်တယ်။ သူ့(မအလ)ရဲ့ စစ်ရေးကိစ္စတွေမှာ PNO/PNA ကို အဓိကပူးတွဲလုပ်ဖို့ ဆိုတာမျိုးပေါ့။ အဲဒီတော့ ကြည့်လိုက်ရင်လည်း အသွင်ပြောင်း ပြည်သူ့စစ်တွေကလည်း အသုံးချခံ ဖြစ်နေတယ်။ ပြည်သူတွေလည်း ဒီကြားထဲမှာ အသုံးချခံ ဖြစ်နေတယ်။ မင်းအောင်လှိုင်က တိုင်းရင်းသားတွေကို ဒီအချိန်မှာတော့ ထိုးကျွေးမှာပဲ။ အသုံးချမှာပဲပေါ့။ တောက်လျှောက်လည်း အသုံးချခဲ့ပါတယ်” ဟု PNFC အထွေထွေအတွင်းရေးမှူး(၁) ခွန်ဝါးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ခဲ့ပြီးနောက် ဒေသလုံခြုံရေး ခေါင်းစဉ်ဖြင့် ကရင်နီပြည်နယ်နှင့် PDFများကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ရန် ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ (PNO/PNA)က လူထုစည်းရုံးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“ဒီကိစ္စတွေက သူ့ဘာသူအလိုလို ဖြစ်တာမဟုတ်ဘူ။ သူ(မအလ)စီစဉ်လို့ ဖြစ်တာမျိုး ပါ။ အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်ကောင်စီက အခြေအနေမဟန်တာနဲ့ ပအိုဝ်းလူငယ်တွေကို PNO/PNA ကနေတဆင့် ညွှန်ကြားပြီးတော့ စစ်သင်တန်းတွေ ပေးတယ်။ အခုစစ်တိုက်ခိုင်းတယ်။ ဒီအစီအစဉ်တွေရဲ့ ကြောရိုးကတော့ စကစရဲ့ စီစဉ်အောက်ထဲမှာ အကုန်လုံး အကျုံးဝင်နေတယ်။ ပါဝင်နေတယ်” ဟု ခွန်ဝါးက ဆိုသည်။

ထို့အပြင် စစ်ခေါင်းဆောင်၏ ညွှန်ကြားချက်ဖြင့် ၎င်း၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA)သည် ရွေးကောက်ပွဲကိစ္စအပါအဝင် စစ်သင်တန်း တက်ရန်နှင့် စစ်မှုထမ်းရန်အတွက် သန်းခေါင်စာရင်းများ လိုက်လံကောက်ခံနေကြောင်း သိရသည်။

“မင်းအောင်လှိုင်ကိုယ်တိုင် စာထုတ်တာ မဟုတ်ဘဲ မင်းအောင်လှိုင်ကနေတဆင့် PNO ခေါင်းဆောင်ကို ပြောပြီးတော့မှပဲ ထုတ်ခိုင်းတာမျိုးပေါ့။ စာရင်းကောက်တာကတော့ ပြီးခဲ့တဲ့ကာလမှာ ရွေးကောက်ပွဲကိစ္စနဲ့ အကြောင်းပြုပြီး စာရင်းလိုက်ကောက်တာ။ စစ်မှုထမ်းဖို့၊ စစ်သင်တန်း တက်ဖို့ကတော့ ပြီးခဲ့တဲ့ သုံးလေးလကတည်းက တောက်လျှောက်လုပ်နေတာ” ဟု PNFC အထွေထွေအတွင်းရေးမှူး(၁) ခွန်ဝါးက ပြောသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ခဲ့သည့် မတ် ၇ ရက်၊ ညနေပိုင်းတွင် ပအိုဝ်းလူငယ်များကို ၎င်းတို့ထံတွင် စစ်မှူထမ်းရန်နှင့် ထိုသို့စစ်မှုမထမ်းသူများသည် မျိုးချစ်စိတ် မရှိသူများဖြစ်ကြောင်း ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA)က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့သည် ပင်လောင်းတိုက်ပွဲ အကြောင်းပြချက်ဖြင့် ကျည်ဆံဖိုးအပါအဝင် ဒေသကာကွယ်ရေး စရိတ်ဟုဆိုကာ ပင်လောင်းတောင်ဘက်နှင့် မြောက်ဘက်ကျေးရွာအချို့ရှိ နေအိမ်များကို တစ်အိမ်လျှင် ကျပ် ၇၅,၀၀၀ နှုန်းနှင့် အချို့ရွာများတွင် ငွေကျပ် ၁၀၀,၀၀၀ အထက်‌အထိ မတ်လ ၇ ရက်နေ့မှ စတင်၍ လိုက်လံကောက်ခံလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

#ကရင်နီပြည်နယ် #PDF #စစ်ခေါင်းဆောင် #ပအိုဝ်းပြည်သူ့စစ် #ဦးအောင်ခမ်းထီ #အသုံးချ #PNFC #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/?ref=page_