ကိုကိုမောင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် စစ်ကောင်စီ၏ နိုင်ငံရေးပုဒ်မများဖြင့် စွပ်စွဲဖမ်းဆီးခြင်း ခံထားရသူများအတွက် ဥပဒေကြောင်းအရ တရားရုံးများတွင် ခုခံချေပရန် မိသားစုဝင်များက ဥပဒေအကျိုးဆောင်ရှေ့နေ ငှားရမ်းသော်လည်း ရှေ့နေလိုက်ရဲသူမရှိ ဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။

ရန်ကုန်တိုင်းရှိ တောင်ဒဂုံ၊ လှိုင်သာယာအပါအဝင် မြို့နယ်အများအပြားနှင့် ဧရာဝတီတိုင်းရှိ မအူပင်ခရိုင်နှင့် ဟင်္သာတခရိုင်ရှိ မြို့နယ်များတွင် စစ်ကောင်စီ၏နိုင်ငံရေးပုဒ်မများဖြင့် စွပ်စွဲဖမ်းဆီးခံထားရသူများအတွက် ခုခံချေပရန် မိသားစုဝင်များက ရှေ့နေများလိုက်လံငှားရမ်းသော်လည်း ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါ ဆောင်ရွက်ရဲသူ ရှေ့နေမရှိသဖြင့် အခက်တွေ့နေကြောင်း သိရသည်။

“ကျွန်မရဲ့ ညီမက ရန်ကုန်က တောင်ဒဂုံမှာ အဖမ်းခံရတာ။ ဘာမှမလုပ်ဘဲနဲံ သတင်းပေးဒလန်က တိုင်တာနဲ့ပဲ စစ်ကောင်စီက အိမ်မှာလာဖမ်းသွားတာ။ ပြီးတော့ ပုဒ်မ ၅၀၅ (က) နဲ့ အမှုကပ်ပြီး တရားစွဲထားတယ်။ အဲဒါကြောင့် ဥပဒေအရ ပြန်လည်ခုခံချေပဖို့ကို ကျွန်မတို့က ဥပဒေကြောင်းတွေ နားမလည်လို့ ရှေ့နေလိုက်ငှားတာ ဘယ်မှာမှ ငှားမရဘူး။ အသိမိတ်ဆွေ ရှေ့နေတွေကို လိုက်ငှားတော့လည်း အမှု အကြောင်းအရာမေးပြီး နိုင်ငံရေးအမှုဆိုတာနဲ့ သူတို့ငြင်းပြီး တခြားရှေ့နေ ရှာကြည့်ပါဆိုပြီး ပြောတယ်”ဟု ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ အမျိုးသမီးတစ်ဦး၏ အစ်မဖြစ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ဧရာဝတီတိုင်းရှိ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်း စစ်ကောင်စီက နိုင်ငံရေးပုဒ်မဖြင့် တရားစွဲဆိုသူများအတွက် ရှေ့နေလိုက်ရဲသူမရှိ ဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။

“မအူပင်မှာက နိုင်ငံရေးမှုနဲ့ ဖမ်းပြီဆိုရင် ရဲနဲ့စစ်တပ်ကို ငွေ ၁၀ သိန်းကနေ သိန်း ၃၀ အထိ ပေးမှဘဲ လွှတ်ပေးတယ်။ တရားရုံးရောက်ရင် ရှေ့နေငှားလည်း လိုက်မယ့်လူ မရှိဘူး။ တရားရုံးမှာက ရှေ့နေငှားလည်း ထောင်ကျတာက ကျမှာပဲ။ စစ်တပ်က တရားစွဲလာတဲ့အမှုကို ဘယ်တရားသူကြီးကမှ လွှတ်ပေးတာကို မရှိဘူး။ ဒါကြောင့် နိုင်ငံရေးပုဒ်မနဲ့အဖမ်းခံရသူအများစုကလည်း ထောင်ကျမယ့်အတူတူ ရှေ့နေမငှားတော့ဘူးဆိုပြီး ကိုယ့်ဘာသာပဲ ရင်ဆိုင်ကြတယ်”ဟု မအူပင်မြို့ခံတစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီအောက်တွင် တရားရေးမဏ္ဍိုင်မှာ လွတ်လပ်ခြင်းမရှိဘဲ စစ်ကောင်စီ ခိုင်းသမျှ၊ စစ်ကောင်စီအလိုကျ ဆောင်ရွက်နေရကြောင်း၊ နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်ခြင်းအားဖြင့် ရှေ့နေအများစုမှာလည်း အာဏာသိမ်းစစ်တပ်၏ အပြစ်ရှာဖမ်းဆီးခြင်းခံရမည်ကို စိုးရိမ်နေရသည့်အတွက် ရှေ့နေလိုက်မည့်သူ မရှိသလောက် နည်းပါးနေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။

“ကျွန်တော်တို့က မတရားသဖြင့် ဖမ်းဆီးခံရတဲ့သူတွေကို အခမဲ့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ရှေ့နေပါ။ ဒါပေမယ့် အခုကာလမှာက ဖုန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပုံတွေ့ရင်တောင် နိုင်ငံတော်အကြည်ညိုပျက်စေတယ်ဆိုပြီး ဖမ်းဆီးထောင်ချနေတော့ တခြားသူတွေကို ကူညီဖို့နေနေသောသာ ကျွန်တော်တို့လို ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေတောင် ထွက်ပြေးတိမ်းရှောင် နေရတယ်။ ဒါကြောင့် စစ်ကောင်စီက ထင်တိုင်းကြဲ၊ တပ်ချင်တဲ့ပုဒ်မတပ်ပြီး ဖမ်းဆီးခံနေရတဲ့သူတွေကို ဘယ်လိုကူညီနိုင်မှာလဲ၊ ကူညီပေးတဲ့ရှေ့နေဆိုလည်း စစ်ကောင်စီက ပစ်မှတ်ထားပြီး ဒုက္ခပေး၊ ဖမ်းဆီးတာတွေလုပ်နေတာကြောင့် ဘယ်လိုမှကို ကူညီမပေးနိုင်ဘူး ဖြစ်နေတာ”ဟု သူက ပြောသည်။

ဧရာဝတီတိုင်း၌ နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံရသူများဘက်မှ လိုက်ပါကူညီပေးခဲ့သည့် ဟင်္သာတမြို့နယ်မှ ရှေ့နေ ဒေါ်ဧရာလင်းထွဋ်မှာ ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်းက ဖမ်းဆီးခံခဲ့ရပြီး ဘိုကလေးမြို့မှ ရှေ့နေ ဦးဆန်းလွင်မှာလည်း ၂၀၂၁ ခုနှစ်အတွင်းက စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ထိုသို့ နိုင်ငံရေးအမှု လိုက်ပါဆောင်ရွက်သည့် ဥပဒေအကျိုးဆောင်ရှေ့နေတချို့ကို စစ်ကောင်စီက ဖမ်းဆီးပြီး နောက်ပိုင်း ဧရာဝတီတိုင်း၌ နိုင်ငံရေးအမှုများ လိုက်ပါဆောင်ရွက်သူရှေ့နေ နည်းပါးသွားခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းရှိ အချို့သော တရားလွှတ်တော်ရှေ့နေနှင့် အထက်တန်းရှေ့နေများမှာ လက်ရှိ အချိန်အထိ နိုင်ငံရေးအမှုများတွင် ဥပဒေ အကျိုးဆောင်များအဖြစ် စစ်ကောင်စီလက်အောက်ရှိ တရားရုံးများ၌ ခုခံ ချေပလျှောက်လဲနေဆဲဖြစ်ပြီး ၎င်းတို့ အနေဖြင့် စစ်ကောင်စီ၏အပြစ်ရှာဖမ်းဆီးခြင်း မခံရစေရန် အနေအထိုင်၊ အသွားအလာ အထူးသတိထား၍ လုပ်ကိုင်ဆောင်ရွက်နေရကြောင်း ရှေ့နေအသိုင်းအဝိုင်းထံက သိရှိရသည်။