ကျော်လင်း/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်

အာဏာသိမ်း စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် – PDF များနှင့် ထွက်ပြေးတိမ်းရှောင်နေသူများ ပြန်လာကြရန် ဖိတ်ခေါ်နေသော်လည်း ဖျာပုံခရိုင်နှင့် မအူပင်ခရိုင်အတွင်း စစ်ကောင်စီထံ လက်နက်ချ အညံ့ခံ၍ ပြန်လည်ဝင်ရောက်လာသူ PDF တစ်ဦးမျှ မရှိကြောင်း သတင်းရရှိသည်။

အာဏာသိမ်း စစ်ကောင်စီက PDF အပါအဝင် လက်နက်ကိုင်ဆန့်ကျင်လျှက်ရှိသည့် အဖွဲ့အစည်းများမှ လက်နက်အပ်နှံပြီး ပြန်လာမည်ဆိုပါက လက်ခံမည်ဖြစ်ကြောင်း၊ CDM ဝန်ထမ်းများကိုလည်း မိမိတို့ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရုံးဌာနများတွင်သတင်းပို့၊ ဝန်ခံလက်မှတ်ရေးထိုးပြီး အလုပ်ခွင်ပြန်လည်ဝင်ရောက်ရန် ဇွန်လဆန်းပိုင်းမှစ၍ ထုတ်ပြန်ကာ စည်းရုံးမှုများ ဆောင်ရွက်နေသည်။

ဧရာဝတီတိုင်းရှိ စစ်ကောင်စီခန့် ခရိုင်ကောင်စီဝင်လူကြီးများကလည်း သက်ဆိုင်သူများအား အစည်းအဝေးခေါ်ယူ၍ PDF များနှင့် CDM များ အိမ်ပြန်လာပါက ၎င်းတို့အပြည့်အ၀ တာဝန်ယူကြောင်း ပြောဆိုကာ ဖိတ်ခေါ်သော်လည်း စစ်ကောင်စီအပေါ် အယုံအကြည်မရှိသည့်အတွက် မည်သူမျှ ပြန်လာခြင်းမရှိကြောင်း ဧရာဝတီတိုင်းရှိ တော်လှန်ရေးအင်အားစုများက ပြောသည်။

“ကျွန်တော်တို့ တတိုင်းလုံး ချိတ်ထားတာတွေထဲက ဘယ်သူတယောက်ကမှ အိမ်ပြန်သွားတာ မရှိသေးဘူး။ မစ်ရှင်တွေ ဆက်လုပ်သွားဖို့ပဲ ရှိနေတယ်။ အားလုံးက နိူင်အောင်တိုက်ဖို့ ထွက်လာတာ။ ခေါ်လို့ပြန်မယ့်သူ တယောက်မှ မရှိဘူး။ ဒီပွဲနိုင်အောင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်အောင် တိုက်သွားမှာပါ”ဟု ဧရာဝတီ တိုက်ငါးမန်းပျောက်ကြားတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြောင်းမြခရိုင် ဝါးခယ်မမြို့တွင်လည်း ထွက်ပြေးတိမ်းရှောင်နေသူများ၏ မိသားစုဝင်များကို စစ်ကောင်စီက အစည်းအဝေးခေါ်ယူကာ အိမ်ပြန်လာကြရန်နှင့် ၎င်းတို့တာဝန်ယူကြောင်း ပြောဆိုသော်လည်း မည်သူမျှ ပြန်လာခြင်းမရှိကြောင်း ဒေသခံများထံက သိရသည်။

“စစ်ကောင်စီက ထွက်ပြေးတိမ်းရှောင်နေသူတွေနဲ့ အဖမ်းခံထားရသူတွေရဲ့ မိသားစုဝင်တွေကို အစည်းအဝေး ခေါ်တယ်။ ဖမ်းဆီးတရားစွဲဆိုထားတဲ့သူတွေကို ပြန်လွှတ်ပေးမယ်လို့လည်း ပြောတယ်။ CDM ဝန်ထမ်းတွေ၊ ရှောင်နေတဲ့သူတွေကို ပြန်ခေါ်ကြဖို့နဲ့ သူတို့ဘာမှ မလုပ်ပါဘူး၊ တာဝန်ယူကြောင်း ပြောတယ်။ ဒါပေမယ့် အခုထိတော့ ပြန်ဝင်လာတဲ့သူ မရှိသေးဘူး”ဟု ဝါးခယ်မမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင်လည်း ထွက်ပြေးတိမ်းရှောင်နေသူများ ပြန်လာကြဖို့ အစည်းအဝေးခေါ် ပြောဆိုခဲ့သလို ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့်ဆက်သွယ်ပြီး လက်မှတ်ရေးထိုး နေထိုင်လို့ရကြောင်း ဖိတ်ခေါ်နေသော်လည်း ပြန်လည်ဝင်ရောက်လာသည့် PDF တစ်ဦးမျှမရှိကြောင်း ဒေသခံများထံမှ သိရသည်။