ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်

၂၀၂၁ ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့က မန္တလေးမြို့၌ သံဃသမဂ္ဂသပိတ်စစ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေစဉ် ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည့် သံဃာတော်(၅)ပါး နှင့် ကျောင်းသား ၃ ဦးတို့ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်တယ်လို့ သံဃသမဂ္ဂ – မန္တလေးထံမှ သိရပါတယ်။

သံဃာတော် ၅ ပါးဖြစ်တဲ့ ဦးသုစိတ်တ၊ ဦးသီရိန္ဒ၊ ဦးဝိလာသ၊ ဦး​ရေဝတ၊ ဦးဝီရိယဓမ္မ နဲ့ ကျောင်းသား​တွေဖြစ်ကြတဲ့ ကို​ဌေးလွင်စိုး၊ ကိုရှိုင်း​အောင်၊ ကိုဝင်းမင်း တို့ကို ပုဒ်မ ၅၀၅(က)ဖြင့် မန္တလေး အိုးဘိုထောင်တရားရုံးမှ ထောင်ဒဏ် (၃)နှစ်စီ အသီးသီး ချမှတ်လိုက်တာလို့ သိရပါတယ်။

” နွေဦးရဲ့သမိုင်းကို သူတို့ကိုယ်တိုင်အကောင်းဆုံးရေးပြီး လိပ်ပြာလုံခဲ့ကြတယ်၊၊ အပြင်မှာကျန်ခဲ့တဲ့လူတွေက မပြီးဆုံးသေးတဲ့ တော်လှန်ရေးကို လက်ဆင့်ကမ်းပြီး သယ်ဆောင်သွားကြဖို့လိုအပ်ပါတယ်။ အသက်ပေးသွားကြတဲ့ အာဇာနည်တွေအတွက် အကျဉ်းကျခံနေရတဲ့ သူရဲကောင်းတွေအတွက် စစ်အာဏာရူးတွေ အမြစ်ပြတ်တဲ့အထိ ညီညီညွတ်ညွတ်နဲ့ တော်လှန်တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်” လို့ သံဃသမဂ္ဂ-မန္တလေး က လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသားဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်က ဆရာ​တော်​တွေနှင့်အတူ ​ကျောင်းသား​တွေ ကို ၂၀၂၁ ခုနှစ် ​အောက်တိုဘာ (၂) ရက်နေ့တွင် ကားနဲ့တိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး (၁၀)လ​ကျော်မှာ အမိန့်ချလိုက်ခြင်းဖြစ်တယ်လို့ သံဃသမဂ္ဂက ရေးသားထုတ်ပြန်ပါတယ်။

သံဃသမဂ္ဂအဖွဲ့ဝင်ဆရာ​တော်ဖြစ်တဲ့ ဦးပညာသီဟကိုလည်း ယခုနှစ် ဇွန်လ ၁၀ ရက်​နေ့မှာ ပုဒ်မ ၅၀၅(က)ဖြင့် မန္တလေး အိုးဘိုထောင်တွင် ထောင်ဒဏ် (၃)နှစ် ချမှတ်ခံထားရပြီးဖြစ်ပါတယ်။

လက်ရှိမှာ ဦးစန္ဒိမာ (သင်္ဂဇာ) ဆရာ​တော်လည်း ဖေ​​ဖော်ဝါရီ(၉)ရက်​နေ့ ညပိုင်းမှာ အဖမ်းခံရပြီး ယနေ့အထိ သတင်းအစအန ​ပျောက်လျက်ရှိ​နေတယ်လို့ သိရပါတယ်။

ယနေ့အချိန်အထိ မန္တလေး အိုးဘိုထောင်ထဲမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတဲ့ သံဃသမဂ္ဂ ဆရာတော် (၈)ပါးအထိရှိနေတယ်လို့ သံဃသမဂ္ဂ – မန္တလေးရဲ့ စာရင်းတွေအရ သိရပါတယ်။