ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်

ရန်ကုန်တိုင်း၊တောင်ပိုင်းခရိုင်၊သန်လျင်မြို့နယ်အတွင်း စစ်ကောင်စီက ဆိုင်ကယ်စီးနင်းမှုများကိုပိတ်ပင်ထားပြီး စီးနင်းသူများကို ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။

ပြီးခဲ့သည့် မေလမှစတင်၍ စစ်ကောင်စီကသန်လျင်မြို့ နယ်အတွင်း ဆိုင်ကယ်စီးနင်းခြင်းမပြုလုပ်ရန် တားမြစ်မိန့် ထုတ်ပြန်ခဲ့ပြီးနောက် ဆိုင်ကယ်စီးနင်းမှုတွေ့ရှိပါက ယခု ကဲ့သို့ ပစ်ခတ်ဖမ်းဆီးနေခြင်းဖြစ်ပြီး ဇူလိုင်လ ၆ ရက်နေ့က သန်လျင်မြို့နယ် ထားမလုံစျေးအနီး ဆိုင်ကယ်ကယ်ရီဂိတ်ကိုပစ်ခတ်ဖမ်းဆီးမှုပြုလုပ်ခဲ့သည်ဟု ဒေသခံတဦးကဆိုသည်။

” ဆိုင်ကယ်တွေမစီးခိုင်းတာကြာပြီပေါ့ ၊ မစီးရဲကြတော့ လမ်းမကြီးတွေပေါ်တော့မစီးကြတာများပါတယ်။ ရပ် ကွက်အတွင်း လမ်းသွယ်လေးတွေတော့ ဟိုနားဒီနားစီးကြတာပေါ့။ တနေ့ကထားမလုံစျေးက ကယ်ရီဂိတ်ကိုပစ်ပြီးဝင်ဖမ်းတာ၊ ကယ်ရီသမားတယောက်ထိသွားတယ် ဖမ်းခံရတဲ့သူတွေလည်းရှိတယ်” ဟု သန်လျင်မြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် စစ်ကောင်စီက ၂ ဘီးဆိုင်ကယ်များကိုဖမ်းဆီးခြင်းဖြစ်ပြီး မောင်းနှင်လိုပါက ၃ ဘီးတွဲတပ်၍ မောင်းနှင်ဟု ပြောဆိုထားကြောင်း သိရသည်။
” သွားရေးလာရေးအဆင်ပြေဖို့အတွက် ဆိုင်ကယ်ဝယ်ထားတာ၊ စီးမရတော့ထိုးထားရတယ်။ ဟိုတလောက ဆိုင်ကယ်ဖမ်းခံရတဲ့ မြို့ခံတယောက်ကိုပြောတာက စီးချင်ရင် ၃ ဘီးတပ်ပြီးစီးလို့ပြောတယ်။ ဘေးတွဲက တကယ်လည်းမလိုအပ်ဘူးလေ၊တပ်ရင်လည်း ပိုက်ဆံသိန်းချီကုန်မှာအဆင်မပြေဘူး ” ဟု ၄င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် သန်လျင်မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းသူမရှိဘဲ အိုးဝေသုံးဘီးဆိုင်ကယ်၊ သုံးဘီးတပ်ဘေးတွဲဆိုင်ကယ်များမောင်းနှင်စီးနင်းသူတချို့ရှိပြီး အဆိုပါ သုံးဘီးယာဥ်များကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးမှုတချို့ရှိကြောင်း ဒေသခံများထံကသိရသည်။

ရန်ကုန်တိုင်းအတွင်း ယခင်က စည်ပင်နယ်နိမိတ်မြို့နယ်များတွင်သာ ဆိုင်ကယ်စီးနင်းခွင့်မပြုတာဖြစ်ပြီး လက်ရှိစစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့်ကို စည်ပင်နယ်နိမိတ်တွင်မပါဝင်သည့် သန်လျင်မြို့ နယ်အပြင်ကျောက်တန်း၊ခရမ်း၊သုံးဂွ၊ကော့မှူး၊ကွမ်း ခြံကုန်း၊တွံတေး၊ဒလမြို့နယ်များကိုလည်းစီးနင်းခွင့်ပိတ်ပင်ထားကြောင်း သိရသည်။

ထို့အပြင်စစ်ကောင်စီက နယ်မြို့များတွင်လည်း ဆိုင်ကယ်စီးနင်းခွင့်ကိုညွှန်ကြားချက်အမျိုးမျိုးထုတ်ပြန်၍ ကန့်သတ်ထားကြောင်း သိရသည်။