ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်

ကရင်ပြည်နယ်၊မြဝတီမြို့နယ်တောင်ပိုင်း၊ မြဝတီ-ဝေါလေ ကားလမ်းတွင် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့ ကော်ဘရာစစ်ကြောင်းကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများသိမ်းဆည်းရမိကြောင်း Cobra စစ်ကြောင်းကထုတ်ပြန်သည်။

တပ်မ (၄၄) လက်အောက်ခံခမရ(၂၀၇)၊ ခလရ(၈)၊ခမရ(၂၀၄)၊ ခမရ(၉) ၊ ခမရ(၁၀၂)နှင့် လက်ရုံးတပ်ဖွဲ့များ၊ ဗိုလ်မုတ်သုန် ဦးစီးသော BGF အင်အား (၁၀၀)ခန့် ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းများသည် ဖလူးလေး၊ ဖလူးကြီးဒေသတွင် စုဖွဲ့၍ မြဝတီ – ဝေါ်လေကားလမ်းတစ်လျောက် ဒေသများအား ကျူးကျော်ရန် ကြိုးစားလာခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

အဆိုပါ ခမရ(၂၀၇) ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းသည် မြဝတီ-ဝေါ်လေ ကားလမ်းပေါ်ရှိ သုံးထပ်ကွေ့ (ဒေသအခေါ်) နေရာသို့ ဇူလိုင်လ (၇) ရက်နေ့တွင် ရောက်ရှိလာခဲ့​ပြီး လုံခြုံရေး ရယူထားသည့် ကော်ဘရာစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ (၈) ရက် မနက် (၉) နာရီ အချိန်အတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦး၊ ဆေးမှူး တစ်ဦး အပါအဝင် အလောင်း (၅) လောင်း အတည်ပြုတွေ့ရှိရပြီး စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံး၊ ဒဏ်ရာ ရရှိထားသည်ကို တွေ့ရှိရကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီထံမှ MA -1 တစ်လက်၊ ၎င်းကျည် (၅.၅၆) ကျည် (၄၇၅) တောင့်၊ ကျည်ဘောက်(၄) ခု၊ အီနာဂါ ဗုံးသီး တစ်လုံး၊ အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိကြောင်း ကော်ဘရာစစ်ကြောင်း ဘက်မှ ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်အရသိရသည်။

ရုပ်သံ-ကော်ဘရာ