ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၀ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာအနီးတွင် တပ်စွဲထားသော စစ်ကောင်စီနှင့်ပျူစောထီးစခန်းကို ယမန်နေ့ ဒီဇင်ဘာ ၁၉ရက် မနက် ၁၀ နာရီခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်မြို့ နယ် BTT LPDF အဖွဲ့ထံကသိရသည်။
ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ယင်းမာပင်မြို့ နယ်အတွင်း ချင်းတွင်းမြစ်ကမ်းတလျှောက်တိုက်ပွဲများသို့ အဆိုပါဘန့်ဘွေးစခန်းမှ စစ်ကောင်စီတပ် သားများ စစ်ကူမသွားရောက်နိုင်ရန် PDFပူးပေါင်းအဖွဲ့များမှစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BTT LPDF အဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
“မနေ့က ကျောက်မှော်၊ ယင်းဘိုးဘက်မှာ တိုက်ပွဲက မတရားကြမ်းတယ်။အဲ့ဒီဘက်မှာဖြစ်တဲ့ဟာနဲ့ ဒီဘက် မှာ တပ်စွဲထားတဲ့ ပျူစောထီးရွာနဲ့က မဝေးလှဘူး။ နာရီ၀က်လောက် ခြေလျင်လျှောက်ရင်ရောက်တယ်။ အဲ့တော့ ဒီဘက်က စစ်ကြောင်းကို အဲ့ဒီဘက် မသွားဖို့ရာ ကျတော်တို့က ဒီဘက်ကနေ အဖွဲ့(၄)ဖွဲ့ပေါင်းပြီးတော့ ပစ်ကူသဘောမျိုး ကာကွယ်ပေးတာပါ”ဟု ၎င်းက ပြောသည်။
အဆိုပါတိုက်ခိုက် ယင်းမာပင်မြို့နယ် ဗျတ္တညီနောင်အဖွဲ့၊ Chindwin Myay Division၊ FIGHTER -1 နှင့် ယင်းမာပင်မြို့နယ် BTT Local PDF အဖွဲ့တို့မှပူး ပေါင်းကာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကူအင်အား ၄၀ ကျော်တပ်စွဲထားသည့် အဆိုပါ စစ်ကောင်စီအထိုင်စခန်းအား ၆၀ မမ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ရာ ၁၀ မိနစ်ခန့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မူဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမူရှိနိုင်ပြီး ညီနောင်လေးဖွဲ့မှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။