ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၄ ရက်

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ကနေထွက်ရှိတဲ့ သင် ဖျာလုပ်ငန်းဟာ လုပ်သားရှားပါးမှုပြသနာကြောင့် ထွက်နှုန်းသိသိသာသာလျော့ကျလာတယ်လို့ သိရပါတယ်။

သင်ဖျာလုပ်ငန်းတွေဟာ ကုန်ချောဈေးနဲ့ ကုန်ကြမ်းဈေး သင့်တင့်မျှတပေမယ့် လုပ်သားရှားပါးမှုကြောင့် သင်ဖျာထွက်နှုန်းမှာ အရင်နှစ်ကထက် လျော့ကျလာခဲ့တာလို့ ဒေသခံဖျာလုပ်ငန်းရှင်တွေက ပြောပါတယ်။

“ ဒီနှစ်ကုန်ကြမ်းက သင်မတွေက ဈေးကြီးသလို ကုန်ချောဖြစ်တဲ့ သင်ဖျာကလည်း ဈေးသင့်တင့်ပါတယ္ လက်ရှိဖြစ်နေတာက လုပ်သားရှားပါးတဲ့ပြသနာ လုပ်သားရှားတော့ အရင်ကလို ကုန်ချောက ထင်သလောက် မထွက်တော့ဘူး အဲ့တော့ ရင်းရတာနဲ့ ပြန်ဝင်တဲ့ငွေနဲ့က မမျှတဘူး ဖြစ်နေတာပေါ့” လို့ ဒေသခံလုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

သင်ဖျာလုပ်ငန်းမှာ ကိုဗစ်ကာလကစတင်ကာ လုပ် ငန်းတွေ ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့ပြီး အရှုံးတွေပေါ်ခဲ့သလို စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း လုပ် သားရှားပါးမှုပြသနာနဲ့ ကုန်ဈေးနှုန်းကြီးမြင့်လာမှုကြောင့် သင်ဖျာထွက်ရှိမှုနှုန်းသိသိသာသာကျဆင်း လာတာလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းကြီး မြင့်လာမှုနဲ့အတူ လူငယ်တွေကို ပစ်မှတ်ထား ဖမ်း ဆီး မှုတွေများပြားလာတာကြောင့် ဒေသတွင်းက သင်ဖျာလုပ်ငန်း လုပ်ကိုင်သူအများစုဟာ နိုင်ငံခြားမှာ အလုပ်ထွက်လုပ်သူများပြားလာခဲ့တာလို့ ဒေသ ခံတွေက ပြောပါတယ်။

“ ခုက ဝင်ငွေနဲ့ စားသောက်ဖို့က ဘယ်လိုမှမဖြစ်နိုင်တော့ဘူး ကုန်ကြမ်းဈေးနဲ့ ကုန်ချောဈေးက တက်လာတာ လုပ်သားဈေးက တက်မလာဘူး ဒါကြောင့် မိန်းကလေးတော်တော်များများက နိုင်ငံခြား ထွက်တဲ့သူနဲ့ မြို့တွေမှာ အလုပ်တက်လုပ်သူနဲ့ ဖြစ်တော့ လုပ်သားရှားပါးလာတာ”လို့ဒေသခံ အလုပ်သမားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

သင်ဖျာအချောရတဲ့အထိ ထုတ်လုပ်ဖို့အတွက် လုပ် ကိုင်ရတဲ့ လုပ်သားတွေကို လုပ်ခကောင်းကောင်း မပေးနိုင်တာကြောင့် သင်ဖျာအကြမ်းလုပ်ကိုင်သူတွေက နိုင်ငံခြားထွက်သွားတာရှိသလို မြို့တက် အလုပ်လုပ်ကိုင်သူများပြားလာတာကြောင့် နောက်ဆက်တွဲ လုပ်သားရှားပါးမှုပြသနာတွေ ဖြစ်ပေါ်လာတာလို့ ဆိုပါတယ်။

#ဧရာဝတီတိုင်း #သင်ဖျာလုပ်ငန်း #လုပ်သားရှားပါး #Ayeyarwaddy_Times