ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၂ ရက်

ပဲခူတိုင်း ၊ တောင်ငူခရိုင် ၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ဒီဇင်ဘာလ ၁၂ရက်နေ့ ည ၇နာရီ ၂မိနစ်အချိန်တွင် ဒေါင်းမင်းသားပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ – ရေတာရှည် မှ အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ် ၊ စစ်တောင်းမြစ်အရှေ့ခြမ်းစည်ပိုင်းကျေးရွာထိပ်တွင် အထိုင်ချတပ်စွဲထားသော တပ်အင်အား ၃၆ ဦးပါ စစ်ကောင်စီတပ်သည် စည်ပိုင်းရွာ၏ အရှေ့ဘက် နဂျပ်ရွာသို့ စစ်ကြောင်းထိုးပြီး စည်ပိုင်းရွာသို့ပြန်အလာတွင် ၎င်းစစ်ကြောင်းအား အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းမင်းသားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေတာရှည်ထံမှ သိရသည်။

” သူတို့စစ်ကြောင်းက စည်ပိုင်းရွာ အရှေ့ဘက် နဂျပ်ရွာကို စစ်ကြောင်းထိုးပြီး ပြန်လာနားတဲ့အချိန်ခွဲခဲ့တာပါ။စည်ပိုင်းရွာထိပ်က လူမနေတဲ့အိမ်တွေမှာ သူတို့က အထိုင်ချစခန်းလုပ်ပြီးနေကြတယ်။သူတို့စစ်ကြောင်းထွက်နေတဲ့အချိန် သူတို့နေတဲ့ အိမ်ထဲမှာတလုံး ၊ အိမ်အပြင်အဝတည့်တည့်မှာတလုံးတည်ခဲ့ပြီး သူတို့ ရွာထိပ်ဝင်ဝင်ချင်း မိုင်းကွင်းထဲရောက်မှခွဲချလိုက်တာ” ဟု ဒေါင်းမင်းသားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေတာရှည် ၏ တာဝန်ခံ-ကိုနေသူရိန် က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုကဲ့သို့ မိုင်းခွဲတိုက်ခိုက်ခံရအပြီးတွင် စစ်ကောင်စီတပ်မှထိခိုက်သေဆုံးသူ စစ်ကောင်စီတပ်သားများကို ရေတာရှည်မြို့သို့ ကားဖြင့် တင်ဆောင်သွားကြောင်း သေနတ်များပစ်ဖောက်၍ စည်ပိုင်းရွာအတွင်းတွင်လည်း လှည့်လည်စစ်ဆေးပြီး လုံခြုံရေးတင်းကြပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါမိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများနိုင်ပြီး ထိခိုက်သေဆုံးမှုအရေအတွက်ကိုမူ အတည်မပြုနိုင်သေးကြောင်း ဒေါင်းမင်းသားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွါလာနိုင်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

#ရေတာရှည် #စစ်ကြောင်းထိုး #စစ်ကောင်စီ #ဒေါင်းမင်းသား #PDF
#Ayeyarwaddy_Times