ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၆ ရက်

ဒီလကုန်မှာ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဌသက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာ အရေးပါတဲ့ အစည်းအဝေးတစ်ခု တက်ရောက်ရမှာဖြစ်လို့ မြန်မာနိုင် ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆော့ခွန်က မြန်မာနိုင်ငံသို့ တတိယအကြိမ်သွားရောက်မဲ့ခရီးစဉ် ကို ပြုလုပ်နိုင်တော့မှာ မဟုတ်ဖူးလို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဘုံသဘောတူညီချက်ငါးရပ်ကို မဖော်ဆောင်တဲ့အပြင် မကြာသေးမီက တက္ကသိုလ်ကျောင်းသားခုနှစ်ဉီးကို သေဒဏ်ချခဲ့တာကြောင့် အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဉ်ကို ဖျက်သိမ်းခဲ့တာလို့ လေ့လာသူတွေက ပြောပါတယ်။

ပရတ်ဆော့ခွန်က ဒီဇင်ဘာလ ၁၄ ရက်မှာ ဘရပ်ဆဲလ်မြို့တော်မှာပြုလုပ်မယ့် အာဆီယံ-ဉရောပသမဂ္ဂ နှစ်ပတ်လည် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် လွိုင်ဒေးဗစ်က ပြောပါတယ်။

“အချိန်တိုတောင်းတာရယ် လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံထံကို တာဝန်လွှဲဖို့ လုပ်ဆောင်စရာတွေရှိတာကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံကို တတိယအကြိမ် သွားရောက်နိုင်တော့မှာ မဟုတ် ဘူး” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းဖို့ ကမ္ဘောဒီးယားနိုင်ငံက အစွမ်းကုန် ကြိုးပမ်းခဲ့ပြီးပါပြီ လို့ လွိုင်ဒေးဗစ်က ပြောပါတယ်။

စစ်ကောင်စီက ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်မှုတိုးတက်ကြောင်း ပြသပါက မြန်မာ့အရေး ဖြေ ရှင်းမယ့် အဖြေတစ်ခုရှာဖွေဖို့ ပရတ်ဆော့ခွန်က မြန်မာနိုင်ငံသို့ တတိယအကြိမ် သွားရောက်ဖို့ စီစဉ်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချွန်ဆောင်နရီက နိုဝင်ဘာလ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

“၂၀၂၂ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌအနေနဲ့ ဘုံသဘောတူညီချက်ဖော်ဆောင်မှု ဆက်လက်လုပ် ဆောင်ဖို့ သံန္နိဌာန်ချထားသလို အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ ဒီနှစ်အကုန်မှာ မြန်မာနိုင်ငံကို တတိယအ ကြိမ် သွားရောက်ဖို့ အသင့်ဖြစ်နေပါပြီ” လို့ သူက ဆိုပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်က ဇန်နဝါရီလအတွင်း နေပြည်တော်သို့ သွားရောက်ခဲ့သလို အထူး ကိုယ်စားလှယ် ပရတ်ဆော့ခွန်ကလည်း မတ်လနဲ့ ဇွန်လအတွင်း မြန်မာနိုင်ငံသို့ နှစ်ကြိမ် သွားရောက်ခဲ့ပါတယ်။

ကိုးကား – Khmer Times
Ref; It’s a no go: ASEAN Special Envoy Sokhonn can’t make third visit to Myanmar