ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၇ ရက်

အာဏာသိမ်းစစ်ကောင်စီကNon – CDM ဝန်ထမ်းများရဲ့ သက်ပြည့်အငြိမ်းစား (ပင်စင်) ယူရမယ့်အသက်ကို ၆၅ နှစ်အထိတိုးမြှင့်သတ်မှတ်သွားဖို့ ပြင်ဆင်နေကြောင်း စစ်ကောင်စီတပ်အတွင်းမှာ သတင်းတွေ
ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့လက်အောက်ခံ ဝန်ထမ်းတွေရဲ့ သက်ပြည့်အငြိမ်းစား (ပင်စင်) ယူရမယ့်အသက်ကို ၆၂ နှစ်အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ယခုနှစ် ဧပြီလက ကြေညာခဲ့ပါတယ်။

လက်ရှိမှာ ယခင်ကြေညာထားတဲ့ ပင်စင်ယူရမယ့်အသက်ကို ၆၂ နှစ်ကနေ ၆၅ နှစ်အထိ နောက်ထပ် ၃ နှစ် ထပ်မံတိုးမြှင့်သတ်မှတ်သွားဖို့ ပြင်ဆင်နေကြောင်းနဲ့ အသက် ၆၅ နှစ်အထိ တာဝန်ထမ်းဆောင်ရမယ့် လူတွေထဲမှာ အရပ်သား Non CDM ဝန်ထမ်းတွေအပြင် ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်အတွင်းက အရာရှိ၊စစ်သည်အဆင့် အတန်းအားလုံး ပါဝင်မှာဖြစ်ကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းအတွင်းမှာ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

”ခုသတင်းထွက်လာတာက သက်ပြည့်ပင်စင်ကို ၆၅ နှစ်အထိတိုးမယ်။ တပ်ဘက်ရော၊ အရပ်ဘက်ရော ဝန်ထမ်း အားလုံးအကြုံးဝင်မယ်။ အဲ့တာနဲ့တတွဲတည်းဘဲ ခုလက် ရှိစစ်ဘက်၊အရပ်ဘက်ဝန်ထမ်းတွေကို တံဆိပ်တစ်ခုနဲ့ ထောက်ပံ့မှု ၈ မျိုးပေးမယ်ဆိုပြီး သိရတယ်။ လက်ရှိကတော့ သတင်းထွက်တာပေါ့၊ အတည်ပြုထုတ်ပြန်ဖို့က လွတ်လပ်ရေးနေ့ရယ်၊ တပ်မတော်နေ့ရယ်၊ အဲ့ဒီရက်တွေနီးရင်ထူးမယ်လို့ပြောကြတယ်။ နောက်ပြီး ဒီသတင်းက အထက်ကလူကြီးတွေဆီကနေ အချင်းချင်း ပြောရင်းထွက်လာတဲ့သတင်းစကားတွေလို့ သိရတယ်” လို့ မကွေးတိုင်းအတွင်း လက်ရှိတာဝန်ထမ်းဆောင်ဆဲ စစ်ကောင်စီတပ် ကပစတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ယခုလို သတင်းထွက်ပေါ်နေတာနဲ့ ပတ်သတ်ပြီး ဧရာ၀တီတိုင်းမ်သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ သတင်းအတည်ပြုနိုင်ရေး ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီလက်အောက် စစ်ဘက်နဲ့အရပ်ဘက်ဝန်ထမ်းတွေ သက်ပြည့်အငြိမ်း (ပင်စင်) စားယူရမယ့်အသက်ကို ယခင်စစ်အာဏာမသိမ်းမီက အသက် ၆၀ နှစ် သတ်မှတ်ထားပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် ယခုနှစ် ဧပြီလ ၁ ရက်မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ထမ်း အားလုံးရဲ့ ပင်စင်ယူရမယ့်အသက်ကို ၆၂ နှစ်အထိ ၂ နှစ် တိုးမြှင့်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ပင်စင်ယူရမယ့်အသက်ကို ထင်သလို သတ်မှတ်ထုတ်ပြန်တာနဲ့ပတ်သတ်ပြီး စစ်ကောင်စီလက်အောက်ခံ အရပ်ဘက်၊ စစ်ဘက်ဝန်ထမ်းအသိုင်းအဝိုင်းနဲ့ အများပြည်သူတွေအကြားမှာ ဝေဖန်မှုတွေမြင့်တက်ခဲ့ပြီး အခုတခါမှာတော့ ၆၂ နှစ်ကနေ ၆၅ နှစ်အထိ နောက်ထပ် ၃ နှစ်ထပ်မံတိုးမြှင့်ဖို့ အထိသတင်းတွေထွက်ပေါ်နေတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ကတော့ စစ်အာဏာသိမ်းပြီးတဲ့နောက် ၃ ရက်အကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာဘဲ သူကိုယ်တိုင်နဲ့ဒုစစ်ခေါင်းဆောင် စိုးဝင်းရဲ့ အသက်ကန့်သတ်ထားတဲ့ ကာကွယ်ရေးဌာန ကောင်စီအမိန့်အမှတ် ၄/ ၁၄ ကို ပြင်ဆင်ခဲ့ပြီး အသက်အကန့်အသတ်မရှိ တာဝန်ထမ်းဆောင် နိုင်တယ်လို့ သတ်မှတ်ပြဌာန်းခဲ့ပါတယ်။

အသက် ၆၅ နှစ်အထိတာဝန်ထမ်းဆောင်ရမယ်လို့ သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်လို့ စစ်ကောင်စီ တပ်ထဲက လက်ရှိ အငြိမ်းစားယူခါနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် စစ်သားအများအပြားက စိတ်ပျက် နေကြတယ်လို့ တပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

”အခုက အရင် ၆၂ နှစ်ပြောင်းသွားကထဲက ထွက်ဖို့တောင် ဆေးဘာညာစစ်ဖို့မထွက် ခွင့်ခံစားခွင့်ကျပြီးသား သူတွေ၊ သက်ပြည့်နဲ့ထွက်ဖို့ ဝမ်တိန်(warning)ရပြီးသားသူတွေ ထွက်ဖို့လုပ်နေဆဲတန်းလန်းကြီးကနေ နောက် ၂ နှစ်ဆိုတော့ စိတ်ပျက်ကုန်တာ။ အခုထပ်ပြီး ၆၅ နှစ်ဆိုပြီးထွက်လာတော့ အကုန်တိုင်ပတ်နေတယ်။ သူတို့တွေတင်မဟုတ်ဘူး၊ အောက်က ငယ်ရွယ်တဲ့သူတွေလည်း စိတ်ပျက်နေကြတယ်”လို့ အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်စစ်သားက ဆက်ပြောပါတယ်။

စစ်ခေါင်းဆောင်များအနေနဲ့ တပ်ထဲ၊ ရဲထဲ ဝင်သူမရှိဖြစ်နေတဲ့အခြေအနေမှာ အင်အားမလျော့ဖို့အတွက် ယခုလို ထပ်တိုးဖို့ ပြင်နေတာဖြစ်နိုင်ကြောင်း CDM တပ်မတော်သား ၁ ဦးက သုံးသပ်ပြောဆိုပါတယ်။

”အဓိက က ကာကွယ်ရေးနဲ့ပြည်ထဲရေးကို တိုးချင်တာ။ တခြား နယ် ဘက်ဝန်ထမ်းတွေက အဲ့လောက် မဟုတ်ဘူး။ ပြီးခဲ့တဲ့ ၆၂ နှစ်ကိစ္စလည်း အဲ့တာဘဲ။ သို့သော် ကာကွယ်ရေးနဲ့ပြည်ထဲရေးချည်းဘဲဆိုရင် လက်ရှိ အောက်က တပ်နဲ့ရဲတွေလည်း ဒီထက်ပိုပြေးမှာကို သူတို့ (စစ်ခေါင်းဆောင်) တွေ ကောင်းကောင်းသိတယ်။ အဲ့တာကြောင့် တခြားဝန်ကြီးဌာနတွေ အကုန်တွဲခေါ်တာ။ အဓိက က အောက်မှာ တပ် သားသစ်ရော၊ အရာရှိလောင်းရော ဝင်မယ့်သူ၊ လျှောက် မယ့်သူမရှိသလောက်ဖြစ်နေတယ်၊ စုလို့လည်း မလွယ်ဘူး။ ဒီအခြေအနေနဲ့က ဘယ်သူမှလည်း ထိထိရောက်ရောက် မစုရဲဘူး။ PDF ကို တပ်ထဲဝင်ဖို့ သွားစည်းရုံးမိခါမှ ပစ်သတ်ခံနေရမှာလေ။ အဲ့ဒီလို သတင်းတွေထွက်ပေါ်နေတယ်ဆိုထဲက သူတို့စီစဉ်နေလို့ဆိုတာ ယူဆလို့ရတယ်။ ကျနော်ထင်ပါတယ်။ ခုလုပ်မယ့် ဒီနှစ်အတွက် ဒုတိယနဲ့တတိယ ကက( ကြည်း) လေးလပတ်အစည်းအဝေးမှာ ဒီတစ်နှစ်လုံး တပ်သားသစ်စာရင်းနဲ့ ပြုန်းတီးအင်အား နှိုင်းယှဉ်လိမ့်မယ်။ လူသစ်စုရဖို့က မသေချာဘူးလေ၊ အဲတော့ လက်ရှိလူကို ပေးမထွက်တာက အသေချာဆုံးပဲ။ ဒါကြောင့် ဒီလမ်းကြောင်းကို ပြင်နေတာ ဖြစ်နိုင်တယ်”လို့ လွတ်မြောက်နယ်မြေရောက် CDM တပ်မတော်သားတစ်ဦး ကသုံးသပ်ပြောဆိုပါတယ်။

လက်ရှိမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်တွေအနေနဲ့ ၎င်းတို့လက်အောက် စစ်ကောင်စီတပ်ဖွဲ့ဝင်ဝန် ထမ်းတွေ မလျော့နည်းစေရေး နည်းမျိုးစုံနဲ့စည်းရုံးနေရပြီး ဆုတံဆိပ်ပေးအပ်တာတွေ၊ ပိုက်ဆံထောက်ပံ့တာ တွေလုပ်ဆောင်နေတာကိုလည်းတွေ့ရပါတယ်။

#ပင်စင်သက်တမ်း #၆၅နှစ် #စစ်တပ် #ဝန်ထမ်း #Ayeyarwaddy_Times