
မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအရက်မူးပြီး လက်နက်ကြီးများနှင့် သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်အချို့ပျက်စီး
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ အောက်တိုဘာလ ၂ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့၊ လက်မှုကျောင်းတွင် ယာယီတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၁ ရက်နေ့၊ ည ၈ နာရီအချိန်ခန့်က အရက်မူးရူးကာ လက်နက်ကြီးများနှင့် သေနတ်များရမ်းသမ်း ပစ်ခတ်မှုကြောင့် မင်းတပ်မြို့တွင်းနှင့် ကျေးရွာတစ်ချို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူနေအိမ် တစ်ချို့ပျက်စီးခဲ့ကြောင်း
မင်းတပ်မြို့၊ ဒေသခံများထံမှ သိရသည်။
မင်းတပ်မြို့၊ လက်မှုကျောင်းတွင် ယာယီတပ်စွဲထားသော စစ်ကောင်စီတပ်က အရက်မူးရူးကာ ၄၀ မမ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် မင်းတပ်မြို့၊ စံပြရပ်ကွက်၊ အရှေ့ပြင်ရပ်ကွက်နှင့် ကျော့တော်ရွာတို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူနေအိမ်တစ်ချို့နှင့် ရေလှောင်ကန်တစ်ချို့ပျက်စီးကာ ကျေးရွာနေပြည်သူလူထုများနှင့်
သက်ကြီးရွယ်အိုများလွတ်မြောက်ရာသို့ အရေးပေါ်ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများက ပြောသည်။
“မင်းတပ်မြို့၊ လက်မှုကျောင်းမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက အရမ်းမူးရူးပြီးတော့ မနေ့၊ ည ၈ နာရီ ၁၅ မိနစ်ခန့်မှာ ၄၀ မမ လက်နက်ကြီးတွေနဲ့ သေနတ်တွေ ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။ သူတို့ ပစ်လိုက်တဲ့ လက်နက်ကြီးတွေက မင်းတပ်မြို့၊ စံပြရပ်ကွက်၊ အရှေ့ပြင်ရပ်ကွက်နဲ့ ကျော့တော်ရွာတွေမှာ ကျရောက်ပေါက်ကွဲတဲ့အတွက် မြို့ထဲက
ပြည်သူနေအိမ်တစ်ချို့နဲ့ ရေလှောင်ကန်တစ်ချို့ ထိခိုက်ပျက်စီးသွား ပါတယ်၊ ကျော့တော်ရွာက သက်ကြီးရွယ်တွေ ကလေးငယ်တွေနဲ့ ကျေးရွာနေပြည်သူလူထုတွေက ညဘက် မိုးထဲ လေထဲမှာ ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်”ဟု မင်းတပ်မြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မင်းတပ်မြို့၊ တိုင်းရင်းဆေးအနီးရှိ စစ်ကောင်စီတပ်က ယမန်နေ့၊ ည ၈ နာရီအချိန်ခန့်တွင် သေနတ်ရမ်းသမ်းပစ်ခတ်နေသလို ဂရုနာရုံးနှင့် ရှူးခင်သာတည်းခိုခန်းအနီးတစ်ဝိုက်တွင်လည်း သေနတ်ပစ်ခတ်သံ များကြားနေရသည်ဟု ဒေသခံများက ဆိုသည်။
လက်ရှိမင်းတပ်မြို့ထဲတွင် စစ်ကောင်စီတပ်များက ဖြတ်သွား/ဖြတ်လာပြုသည့် ပြည်သူလူထုများကို စစ်ဆေးမှုများဆောင်ရွက်နေပြီး လုံခြုံရေးတင်းကြပ်နေကြောင်းဒေသခံများထံမှ သိရသည်။
“အရက်မူးပြီး လက်နက်ကြီးနဲ့ သေနတ်ရမ်းပစ်နေတဲ့ စစ်ကောင်စီတပ်တွေက အဲ့နေရာမှာ အမြဲမနေဘူး။ ယာယီတပ်စခန်းလာချတာ။ ဘယ်တပ်ရင်းလက်အောက်ကလဲဆိုတာ ကျွန်တော်တို့လည်း မသိရဘူးပေါ့နော်။ မင်းတပ်မြို့မှာတော့ ခလရ ၂၇၄ တပ်ရင်းအခြေစိုက်ထားတယ်၊ မနေ့ညမှာ CDF-Mindatနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားတယ်လို့ သိရတယ်။
CDF-Mindat၊ ဘယ်တပ်ရင်းအဖွဲ့နဲ့ တိုက်ပွဲဖြစ်တာလည်းဆိုတာ မသိရသေးပါဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
မင်းတပ်မြို့နယ်တွင် CDF-Mindatနှင့် စစ်ကောင်စီတပ်တို့ အောက်တိုဘာလ ၁ ရက်နေ့ ညဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပြီး တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး CDF-Mindatဘက်မှ တစ်စုံတရာထုတ်ပြန်ထား ခြင်းမရှိသေးကြောင်းသိရသည်။
ဓာတ်ပုံ – ပုံဟောင်းဖြစ်သည်။
#မင်းတပ် #စစ်ကောင်စီ #အရက်မူး #လက်နက်ကြီး #သေနတ်
#Ayeyarwaddy_Times