
လက်ပံတောင်းတောင်ဒေသရှိ တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီများသယ်ဆောင်လာသောကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း တရုတ်-ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီများသယ်ဆောင်လာသော ကားတန်းအား စက်တာင်ဘာ ၈ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ညီနောင်တိုက်ခိုက်ရေးအဖွဲ့(BDF)မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ကြေးနီများသယ်ဆောင်လာသော ကား ၆ စီးပါကားတန်းသည် စစ်ကောင်စီတပ်များမှ လုံခြုံရေးယူလျက် ထွက်လာပြီး ပုသိမ်-မုံရွာကားလမ်းရှိ ကောင်းခန့်ဆီဆိုင်နားတွင် အညာပတ်လုံးခေါ် ဖျက်အားပြင်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း BDF မှတာဝန်ရှိတစ်ဦးထံမှ သိရသည်။
“ကားတွေမထွက်လာခင်တည်းက စစ်ကောင်စီဘက်ကနေ လမ်းဘေးဝန်းကျင်မှာ ကင်းပုန်းတွေချထားတာ။ သူတို့ကခုနောက်ပိုင်းမှာ ကင်းပုန်းချရင်ရွာနားတွေပဲချတော့တာ။ အဲ့တော့ကျွန်တော်တို့ကတိုက်ခိုက်လို့အဆင်မပြေတော့ဘူး။ သူတို့ကို ခုကြေးနီသယ်တဲ့ကားပေါ်မှာလည်း စစ်သားတွေပါတယ်လို့ကြားတယ်” ဟု Brother Defense Forceမှ တာဝန်ရှိသူက
ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ကြေးနီသယ်သည့်ကားများသည် ၁ လလျှင် ၁ ကြိမ်နှုန်း ဝမ်ပေါက်ဆိုက်မှ ကြေးနီများလာရောက်သယ်ဆောင်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
မိုင်းခွဲတိုက်ခိုက်မှုကြောင့် ကားကြီးတစ်စီး ပျက်စီးပြီး ၁ ယောက်သေဆုံးသည်ဟု သိရသော်လည်း မြေပြင်အခက်ခဲများကြောင့် အတည်ပြုနိုင်ခြင်းမရှိကြောင်း Brother Defense Force အဖွဲ့၏ တာဝန်ရှိသူက ဆိုသည်။
Brother Defense Force အဖွဲ့သည် ဩဂုတ်လ ၂၅ ကလည်း စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
#လက်ပံတောင်းတောင် #ဝမ်ပေါင် #ကြေးနီစီမံကိန်း #မိုင်းခွဲတိုက်ခိုက်ခံရ
#Ayeyarwaddy_Times