
“စစ်ကောင်စီတပ်က တိုက်ခိုက်ရေးစွမ်းရည် အရမ်းနိမ့်ကျနေပြီ။ လေယာဉ်မပါရင် စစ်မတိုက်တတ်တော့ဘူး” (ကော်ဘရာ ဒုစစ်ကြောင်းမှူးနှင့် ဆက်သွယ်မေးမြန်းချက်)
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်
အာဏာသိမ်းစစ်ကောင်စီတပ်များသည် စစ်အင်အားအလုံးအရင်းဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အတွင်းသို့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ လက်ရှိအချိန်အထိ အပြင်းအထန် ထိုးစစ်ဆင်နေသည်။
စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကို ကရင့်အမျိုးသားအစည်းအရုံး – KNU လက်အောက်ခံတပ်များဖြစ်သည့် KNLA၊ KNDO နှင့်အတူ ကော်ဘရာစစ်ကြောင်း (Cobra Column) မှလည်း ပူးပေါင်း၍ ခုခံတိုက်ခိုက် လျှက်ရှိသည်။
ကော်ဘရာစစ်ကြောင်းမှာ စစ်ရေးအတွေ့အကြုံရင့်ကျက်သော ကရင့်တပ်မတော်အရာရှိများ၏ ဦးဆောင် ကွပ်ကဲမှုအောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များက လိုက်ပါ၍ အာဏာသိမ်း စစ်ကောင်စီတပ် များကို အထိနာအောင် တိုက်ခိုက်နိုင်မှုကြောင့် ပြည်တွင်းပြည်ပရှိ ပြည်သူများအကြား လူသိများ ထင်ရှားသောတပ်ဖွဲ့တစ်ခု ဖြစ်လာခဲ့သည်။
မြေပြင်တိုက်ပွဲ အခြေအနေ၊ စစ်ကောင်စီတပ်များ၏ထိုးစစ်ဆင်မှု၊ စစ်ကောင်စီတပ်များ၏အောက်ခြေ၌ ယိုယွင်းပျက်စီးနေမှုအခြေအနေများကို ကော်ဘရာစစ်ကြောင်း၏ ဒုတိယ စစ်ကြောင်းမှူးဖြစ်သည့် ဗိုလ်စောကောအား ဧရာဝတီတိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဆလိုင်းသန့်စင်မှ ဆက်သွယ်မေးမြန်း ထားပါသည်။
မေး – အခုလက်ရှိ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ မြေပြင်တိုက်ပွဲအခြေအနေ သိပါရစေ။
ဖြေ – အခုလက်ရှိ ရင်ဆိုင်နေရတဲ့အခြေအနေက သူတို့ကတော့ ၃ ထပ်ကွေ့အပေါ်မှာ မူတည်ပြီးတော့ မတိုးနိုင်တဲ့အတွက် သာလွန်အင်အားနဲ့ လက်နက်ပေါင်းစုံသုံးပြီး တိုက်နေတာပေါ့။ လက်နက်ပေါင်းစုံကို ဘယ်လိုသုံးသလဲဆိုတော့ အသေးကနေပြီးတော့ ဟိုးအကြီးဆုံးအထိ သူတို့သုံးတယ်။ လေယာဉ်ကအစပေါ့ သူတို့သုံးရတဲ့အဆင့်အထိ ရှိတယ်။ ဒါပေမယ့်
လေယာဉ်မပါရင် သူတို့ စစ်မတိုက်တတ်တော့ဘူးဆိုတာ ကျနော်တို့ သုံးသပ်လို့ရပြီ။ ပြီးရင် လေယာဉ်မပါရင် သူတို့အချင်းချင်းလည်း ဂယောက်ဂယက်တွေ ဖြစ်နေပြီ။
မေး – စစ်ကောင်စီတပ်အနေနဲ့ လေယာဉ်မပါရင် သူတို့စစ်မတိုက်တတ်တော့ဘူးလို့ ဘာကြောင့် ပြောနိုင်ပါသလဲ။
ဖြေ – ဘာကြောင့်ပြောနိုင်လဲဆိုတော့ အဲဒီ သုံးထပ်ကွေ့မှာက သူတို့မောင်းတင်တာ ၁ လကျော်ပြီ။ သူတို့ ထိုးစစ်ဆင်ကြည့်တယ်။ စစ်ကြောင်းကို ၁ ကြောင်းထဲမဟုတ်ဘူး၊ ၂ ကြောင်း၊ ၃ ကြောင်းနဲ့ ထိုးကြည့်တယ်။ ထိုးလို့မရဘူး။ နောက်ဆုံး တပ်မမှူးတွေ၊ ဗျူဟာမှူးတွေ ချိန်းရတဲ့အဆင့်အထိ ဖြစ်တယ်။ သူတို့ချိန်းတဲ့အချိန်မှာ လေယာဉ်ကိုအလုံးအရင်း
သုံးလာတဲ့အတွက် ကျနော်တို့ရဲဘော်တွေကို မထိခိုက်စေချင်တဲ့အတွက် သေးသေးကလေး၊ နည်းနည်းကလေး မလှမ်းမကမ်းမှာ ကျနော်တို့ ဆုတ်လိုက်တာသာ ဖြစ်တယ်။
မေး – စစ်ကောင်စီတပ်က ဘယ်စစ်ရေးပစ်မှတ်ကို လိုချင်လို့ သူတို့ ကရင်ပြည်နယ်ကို ထိုးစစ်ဆင်နေတာပါလဲ။
ဖြေ – ကျနော့်အထင်ကတော့ ကျသွားတဲ့စခန်းတွေမှာ သူတို့ပြန်ပြီး နေရာယူဖို့လို့ပဲ ထင်တယ်။ ပြီးတော့ ဒီလမ်းကြောင်းကို သူတို့ထိမ်းချုပ်ဖို့ပေါ့။ သူတို့ ဒါကိုလိုချင်တာလို့ ထင်တယ်။ ဒါပေမယ့် သူ့ရဲ့မြေပြင် အင်အားက အလုံအလောက်ရှီပေမယ့် စစ်ရေးတိုက်ရည်ခိုက်ရည်က လုံး၀ မရှိတော့ဘူးဆိုတာ ကျနော်တို့ သုံးသပ်လို့ရတယ်။ ဘာလို့လဲဆိုတော့ Cobra Column
မှာရှိတဲ့ တချို့ရဲဘော်တွေက တချို့က ၂ လ၊ ၃ လ၊ ၄ လလောက်ပဲ စစ်သင်တန်းတက်ခဲ့သူတွေ။ အဲ့လိုလူမှ မနိုင်ရင် ဘယ်လိုလူနဲ့ သွားတိုက်မလဲ။
မေး – စစ်ကောင်စီတပ်သားတွေရဲ့ တိုက်ရည်ခိုက်ရည်က ဘယ်လောက်အထိ ကျဆင်းနေပါသလဲ။
ဖြေ – စစ်ကောင်စီတပ်တွေရဲ့ လက်ရှိတိုက်ရည်ခိုက်ရည်က ကျနော့်အမြင် ၁၀၀ မှာ ၄၀ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်။ စိတ်ဓာတ်တွေလည်း ကျနော်တို့လို မဟုတ်ဘူး။ သူတို့ (စစ်ကောင်စီတပ်) စိတ်ဓာတ်တွေ တော်တော်ယိုယွင်းနေပြီ။
ကျနော်တို့ စစ်တိုက်တာမှာ တယောက်မှ ပျော်လို့တိုက်တာ မရှိဘူး။ ဒီစစ်ကောင်စီ ပြိုလဲဖို့အတွက်ပဲ ကျနော်တို့ ရဲဘော်တွေက အဓိက တိုက်နေကြတာဖြစ်တယ်။ ကျနော်တို့ကတော့ မြေပြင်မှာ စိတ်ဓာတ်နဲ့ တိုက်ရည် ခိုက်ရည်မှာ အသာစီးရပြီးသားပါ။
မေး – လက်ရှိမှာ ကော်ဘရာစစ်ကြောင်းဟာ ကရင်ပြည်နယ်မှာ အခြေစိုက်ပေမယ့် တနိုင်ငံလုံးက ပြည်သူတွေက အားပေးကြတာ တွေ့ရပါတယ်။ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ – ကျနော်ထင်တာကတော့ ပြည်သူတွေက မျက်စိပွင့်၊ နားပွင့်ဖြစ်လာကြပြီ။ စစ်ကောင်စီလုပ်တာတွေက မတရားဘူးလို့ထင်လို့ တနိုင်ငံလုံးကပြည်သူတွေက တော်လှန်ရေးသမားတွေကို အားပေးကူညီကြတယ်လို့ပဲ ထင်ပါတယ်။
မေး – ကော်ဘရာစစ်ကြောင်းအနေနဲ့ ဘယ်လိုကူညီပံ့ပိုးမှုတွေ လိုအပ်နေလဲ။ ပြည်သူလူထုကို ဘာများ အကူအညီတောင်းခံချင်တာ ရှိသလဲ။
ဖြေ – ကျနော်တို့က အကူအညီတော့ လိုတာပေါ့။ ဒါပေမယ့် တောင်းခံတာမျိုးတော့ မရှိပါဘူး။ ပြည်သူတွေက သူ့အလိုလိုနေရင်းနဲ့ အသိစိတ်နဲ့ လာပြီးတော့ လှူကြတာ၊ ကူညီပံ့ပိုးကြတာ ရှိပါတယ်။
မေး – စစ်ကောင်စီတပ်ဟာ အောက်ခြေမှာပြိုလဲနေပြီး သူတို့ကြာရှည်တောင့်မခံနိုင်တော့ဘူးလို့လည်း သုံးသပ်မှုတွေ ရှိပါတယ်။ ကော်ဘရာစစ်ကြောင်း ဦးဆောင်သူတယောက်အနေနဲ့ မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ အခြေအနေအရ ဘယ်လိုသုံးသပ်ပါသလဲ။ စစ်တပ်ဟာ ကြာရှည်တောင့်ခံနိုင်ပါ့မလား။ စစ်တပ်က ပြိုကွဲသွားနိုင်မလား။ ဘယ်လိုထင်ပါသလဲ။
ဖြေ – ကျနော့်အထင်ကတော့ စစ်ကောင်စီတပ်ဟာ သိပ်မကြာတော့ဘူး။ ကျနော်တို့ ညီညွတ်ဖို့ပဲ လိုတယ်။ ပြည်သူက အားတင်းထားဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ သူတို့ (စစ်ကောင်စီတပ်) အချင်းချင်းထဲမှာတောင်မှ ယုံကြည်မှုတွေ မရှိတော့ဘူး။ ပြီးရင် ရှေ့တန်းကနေ အထက်အရာရှိကို တမျိုးတင်တယ်။ အထက်အရာရှိကနေ ဟိုးအပေါ်ကို တမျိုးတင်တယ်။ အဲ့လို
မဟုတ်မမှန်တဲ့ဟာတွေ လိမ်တင်နေတာ ခဏခဏ ကျနော်တို့ ကြားရတယ်။ အဲတော့ ဒါဟာ ကျနော်တို့အတွက် အားသာချက်တစ်ခုပဲ။
သူတို့ (စစ်ကောင်စီတပ်) အချင်းချင်း အဆင့်ဆင့်တွေ လိမ်နေကြတဲ့အပေါ်မှာ ဒီဟာကြီးက သိပ်ကြာတော့မှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ လုံးဝသုံးသပ်လို့ရပြီ။
မေး – ဘာများဖြည့်စွက်ပြောလိုတာ ရှိပါသလဲ။
ဖြေ – ကျနော်ပြောချင်တာကတော့ ပြည်သူတွေ အားမလျှော့ပါနဲ့။ ကျနော်တို့ အတူတူ ဝိုင်းဝန်းလုပ်ကြမယ်။ ဒီကောင်တွေ သိပ်မကြာတော့ဘူးဆိုတာတော့ သေချာတယ်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်နှင့် ကော်ဘရာစစ်ကြောင်း
#Ayeyarwaddy_Times #ကော်ဘရာစစ်ကြောင်း #ကရင်ပြည်နယ် #မြဝတီ