ဖရူဆိုအနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်ပြည်သူများထံတွင် စားနပ်ရိက္ခာများ ​ပြတ်လပ်နေ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂ ရက်

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူများဆီမှာ ရိက္ခာပြတ်လပ်နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူများထံမှ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ဖရူဆိုမြို့အနောက်ဘက်ခြမ်းတွင် စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူတွေဆီကို အလှူရှင်တွေ လာရောက်မလှူဒါန်းတော့တာကြောင့် စားနပ်ရိက္ခာပြတ်လပ်နေတာ ၂ လ ခန့်ရှိပြီလို့ သိရပါတယ်။

“အလှူရှင်မရှိတော့တာလည်း ၂ လလောက်ရှိပြီ။ စားစရာမရှိတော့လို့ တောထဲမှာရှိတာနဲ့ပဲ ရှာဖွေစားသောက်နေကြရတယ်။ အများစုကလည်း တောရွာတွေမှာ နေတဲ့သူတွေဆိုတော့ အသီးအရွက်တွေပဲ စားကြတာများပါတယ်။ တချို့တွေဆိုလည်း အနားက PDF ၊ KNDF ရဲဘော်တွေဆီကမျှပြီးစားနေရတယ်။ မိုးတွင်းဆိုတော့ သွားရလာရတာလည်း ခက်တယ်။

ကုန်စျေးနှုန်း​တွေကလည်း တက် ဖုန်းလိုင်းတွေကလည်း ပြတ်နဲ့ ဘယ်ကိုမှလည်း အကူအညီတောင်းမရဘူး” လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လက်ရှိတွင် ကရင်နီပြည်နယ်မှာ ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေတဲ့အပြင် ဆေးဝါးမလုံလောက်တာကြောင့် စစ်ဘေးရှောင်ပြည်သူများမှာလည်း ရာသီတုပ်ကွေးဖြစ်ပွားနေပြီး အသက်ဆုံးရတဲ့အထိ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“တုပ်ကွေးအများစုဖြစ်တာတော့ ကလေးတွေများတယ်။ ဆေးဝါးလည်းမလုံလောက်တာကြောင့် အသက်ဆုံးရတဲ့အထိဖြစ်နေတာပါ။ အစားအစာကလည်း ဝဝလင်လင်မစားရ။ ကူးစက်ရောဂါတွေ​ဖြစ်နဲ့ ကလေးတွေလည်း တော်တော်အခြေအနေဆိုးနေတာပါ။ အာဟာရချို့တတာတွေလည်း တွေ့နေရပါတယ်” လို့ စစ်ဘေးရှောင်အရေးကူညီပေးနေတဲ့

ဆရာဝန်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲများဖြစ်ပွားနေတဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဖယ်ခုံမြို့နယ်များသို့ ဆေးဝါးသယ်ယူပို့ဆောင်ခွင့်ပိတ်​ပင်ထားတာကြောင့် ယင်းဒေသများရှိ စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးကုသရန် အခက်အခဲများရှိလာပြီး ပြီးခဲ့တဲ့ ဇူလိုင်လ တလတည်းမှာပင် အချိန်မှီဆေးကုသခွင့်မရသဖြင့် သေဆုံးခဲ့သူ ၄ ဦးအထိရှိနေတယ်လို့ ဖယ်ခုံမြို့ခံတစ်ဦးကဆိုပါတယ်။

လက်ရှိမှာ ဆေးဝါးရှားပါးခြင်း၊ ဆေးဝါးကုသမှုခံယူနိူင်မည့် ဆေးရုံနှင့် ဆေးပေးခန်းတို့နှင့် အလှမ်းဝေးလွန်းခြင်း၊ ရာသီဥတုအေးပြီး မိုးလုံလေလုံသော နေရာထိုင်ခင်းများ မရှိခြင်း၊ သင့်တင့်မျှတသော အစားအစာအဟာရ မရရှိခြင်း၊ ကျန်းမာရေးဝန်ဆောင်မှု မရှိသလောက်ရှားပါးခြင်းတို့ကြောင့် တစ်လအတွင်း စစ်ဘေးရှောင်ပြည်သူ ၄ဦးအထိ သေဆုံးခဲ့ရတာလို့ CDM

ဆရာဝန်တစ်ဦးက သုံးသပ်ထားပါတယ်။

ဓာတ်ပုံ – ပေးပို့

#ဖရူဆို #စစ်ဘေးရှောင် #စားနပ်ရိက္ခာ #ပြတ်လပ်

#Ayeyarwaddy_Times