ဧရာဝတီတိုင်းမ်
မတ် ၄ ရက်

ဧရာဝတီတိုင်း၊ အိမ်မဲမြို့တွင် ပြည်သူ့စစ်မှုထမ်းဆောင်ရန် လက်မှတ်မထိုးဘဲ ထွက်ပြေးတိမ်းရှောင်သွားသည့် လူငယ် ၁၅ ဦး၏ မိဘဖြစ်သူများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခံနေရကြောင်း ဒေသခံများထံကသိရသည်။

အ်ိမ်မဲမြို့နယ်၊ ပျဥ်းမငူရွာကျေးရွာရှိ လည်တန်ဆောင်းတွင် စစ်ကောင်စီတပ်များရောက်လာ၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းက အစည်းအဝေးပြုလုပ်ကာ ပြည်သူ့စစ်မှုထမ်းဆောင်ရန်လက်မှတ်ထိုး ဖောင်ဖြည့်ရမည်ဟူ၍ ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် ထိုလူငယ်များမှာ ထွက်ပြေးတိမ်းရှောင်ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“အစည်းဝေးလုပ်ပီးတဲ့နောက် လူငယ်တွေထွက်ပြေးကြတယ်။အိမ်မဲမြို့နယ်၊ ထွေအုပ်ရုံးကို သွားပြီးဖောင်ဖြည့်ရမယ်၊ မလာဘဲ ခုလို ဆက်ပြီးထွက်ပြေးနေရင် အဖေတွေ့ရင် အဖေကိုဖမ်းမယ်၊ အဖေမရှိရင် အမေကိုဖမ်းမယ်လို့ လူကောင်းကျွန်းရဲစခန်းမှူးကပြောတယ်”ဟု အိမ်မဲမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို​ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ရဲတပ်ဖွဲ့ဝင်သုံး၏မှာ ထိုလူငယ် ၁၅ဦး၏ကိုယ်စား မဲနှိုက်ပြီး ပြည်သူ့စစ်မှုထမ်းမဲပေါက်သည်ဟုပြောဆိုကာ အဓမ္မ ပြည်သူ့စစ်မှုထမ်းဆောင်ရန် လက်မှတ်ထိုး ဖောင်ဖြည့်ခိုင်းခံရသည့် လူငယ်များဖြစ်ကြောင်း ဒေသခံများက ဆက်လက်ပြောဆိုသည်။

အလားတူ အ်ိမ်မဲမြို့နယ်၊ ပျဥ်းမငူကျေးရွာနှင့် တဆက်တည်းဖြစ်သည့် ကျုံစိန်ကျေးရွာ၊ ခြောက်အိမ်တန်းကျေးရွာများရှိ လူငယ်အများစုမှာ ပြည်သူ့စစ်မှုမထမ်းဆောင်လို၍ ထွက်ပြေးနေကြရကြောင်း ဒေသခံများထံကသိရသည်။

လက်ရှိအချိန်ထိ ဧရာဝတီတိုင်းအပြင် အခြားသောတိုင်းဒေသများတွင်လည်း ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအများစုနှင့် စစ်ကောင်စီတပ်သည် လူငယ်များ၏ကိုယ်စား တိတ်တဆိတ် မဲနှိုက်ကာ ပြည်သူ့စစ်မှုထမ်းဆောင်ရန် အဓမ္မစုဆောင်လျှက်ရှိ​ကြောင်း ဒေသခံများကပြောသည်။

#အိမ်မဲ #ပြည်သူ့စစ်မှုထမ်း#ထွက်ပြေးသွားသည့် #လူငယ်၁၅ဦး #မိဘများကို #ဖမ်းဆီးမည်ဟုခြိမ်းခြောက်
#Ayeyarwaddy_Times