ဧရာဝတီတိုင်းမ်
မတ်လ ၁ ရက်

အမေရိကန်နိုင်ငံရဲ့ ပြည်ပအကူအညီရရှိဖို့ မသေချာမှုရှိနေစဉ် တိုင်းပြည်တွင်းရှိ ဒုက္ခသည်စခန်း တွေမှာနေထိုင်တဲ့ ရိုဟင်ဂျာတွေအတွက် ငွေကြေး ပိုမို ထောက်ပံ့ကြဖို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အဖွဲ့ အကြီးအကဲ မိုဟာမက်ယူနွတ်က တောင်းဆိုလိုက်ပါတယ်။

ဒါကာမြို့တော်မှာ ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီ (UNHCR) အကြီးအကဲ ဖိလစ်ပိုဂရန်ဒီနဲ့ တွေ့ဆုံချိန်မှာ သူက အခုလို တောင်းဆိုခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်အစိုးရက တာရှည်နေပြီဖြစ်တဲ့ ရိုဟင်ဂျာအရေး အဖြေရှာမယ့် အပြည်ပြည်ဆိုင်ရာ ညီလာခံ ကျင်းပမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရိုဟင်ဂျာအရေး အဖြေရှာဖို့ ကြိုးပမ်းမှုတွေကို UNHCR က ဆက်လက်ပြီး ပံ့ပိုးကူညီမယ်လို့ ဖိလစ်ပိုဂရန်ဒီက ကတိပြုပါတယ်။

“ရိုဟင်ဂျာဒုက္ခသည်တွေလာရောက်ရာ အိမ်နီးချင်း မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ လူမျိုးစုတွေရဲ့ ယုံကြည်မှုတည်ဆောက်မယ့် ပလက်ဖောင်းတစ်ခု ရှိသင့်ပါတယ်” လို့ သူက ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ နောက်လ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ဟာ ရိုဟင်ဂျာအရေး အဖြေရှာမှု အရှိန်အဟုန်သစ် ရလာနိုင်တယ်လို့ ၎င်းက ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ လူသားချင်းစာနာမှုအခြေအနေနဲ့ ရခိုင်ပြည်သူများသို့ စာနာမှုအကူအညီ ပံ့ပိုး ပေးနိုင်ရေး အကြမ်းဖက်မှုတွေ ရပ်စဲဖို့လိုအပ်မှုကိုလည်း ၎င်းတို့နှစ်ဉီးက ဆွေးနွေးခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; Bangladesh’s leader calls for mobilizing funds as visiting UN official set to meet Rohingya refugees

#Ayeyarwaddy_Times