
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် ရဲတပ်ဖွဲ့များမှလောင်းကစားလုပ်ငန်းများကို လိုင်းကြေးယူပြီး မဖမ်းဆီးခြင်း၊ ဖမ်းဆီးသော်လည်း ငွေယူပြီးအမှုမဖွင့်ခြင်းများကြောင့် ရဲချုပ်ရုံးမှ လာရောက်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
“ပုသိမ်မှာဒိုင်ချုပ်တစ်ယောက်က လိုင်းကြေးတင် သိန်း ၈၀နီးပါးရှိပါတယ်။ အာဏာသိမ်းတဲ့ကာလမှ လုံး၀ တရား၀င်လိုဖြစ်နေတာ တိုင်းအဆင့်စစ်ကောင်စီကိုပါ ငွေရှာပေးရတာ “ဟု ရဲတပ်ဖွဲနင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့က ပုသိမ်မြို့ နောင်ရိုးဟိုတယ်တွင်ပြုလုပ်နေသော လောင်းကစားဝိုင်းကို နယ်မြေရဲစခန်းမှ ၀င်ရောက်ဖမ်းဆီးပြီး လောင်းကစားငွေများအပါအ၀င် သိန်း ၄၀၀ နီးပါးတောင်းယူကာ ပြန်လွှတ်ပေးသည့်ဖြစ်စဥ်ကို သတင်းဌာနအချို့တွင်ဖော်ပြပြီးနောက် ရဲဌာနချုပ်မှ အရာရှိများက လာရောက်စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ပုသိမ်မြို့တွင် တိုင်း၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့များ၊ သတင်းတပ်ဖွဲ့၊စရဖ နှင့် စစ်ကောင်စီ တပ်တို့ကို လိုင်းကြေးများပေးပြီး ဟိုတယ်၊ တိုက်ခန်းနှင့် နေအိမ်များကိုဌားရမ်း၍ ဂျင်ဝိုင်း၊ ဖဲဝိုင်းများ ပြုလုပ်နေပြီး နှစ်လုံး၊ သုံးလုံးဒိုင်များလည်း ရပ်ကွက်အတွင်း ရောင်းချ နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဧရာ၀တီတိုင်းရှိ မြို့နယ်များတွင်လည်း နှစ်လုံး၊ သုံးလုံး ၊ကြက်ဝိုင်း၊ ဂျင်ဝိုင်းများကို ဖမ်းဆီးခြင်းမရှိပဲ လစဥ် လိုင်းကြေးယူကာ စစ်ကောင်စီအပါအ၀င်၊ တိုင်း၊ ခရိုင်၊မြို့နယ်နှင့် နယ်မြေစခန်းများမှဒေသဖွံဖြိုးရေး၊ ပြည်သူ့စစ်ရန်ပုံငွေ စသည့်ခေါင်းစဥ်များဖြင့် ပြုလုပ်နေသည်မှာလေးနှစ်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။
#ပုသိမ်မြို့ #လောင်းကစားဝိုင်းများ #ရဲမှ #ငွေယူပြီး #လွှတ်ပေးနေသည့်အတွက် #ရဲချုပ်ရုံးမှ #လာရောက်စစ်ဆေး
#Ayeyarwaddy_Times