ဧရာဝတီတိုင်းမ်
(ချင်းလုံ)၊ ဒီဇင်ဘာ ၃၁ ရက်

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)၏ ဌာနချုပ်၊ ချင်းလုံမြို့တွင် ယနေ့၊ ဒီဇင်ဘာလ ၃၁ ရက်နေ့၊ နံနက် ၁၀ နာရီက မူးယစ်ဆေးဝါးများ ဖျက်ဆီးခြင်းအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

ချင်းလဲန်အစိုးရတပ်ဖွဲ့များမှ အိန္ဒိယ-မြန်မာနယ်စပ်၊ ကျီခါးကျေးရွာအနီးတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းလုံမြို့တွင် ဖျက်ဆီးခဲ့သော အဆိုပါ မူးယစ်ဆေးဝါးများသည် အလေးချိန်အားဖြင့် ကီလိုဂရမ်် ၅၅၀၀ (ငါးထောင်ငါးရာ) ရှိပြီး မြန်မာကျပ်ငွေ သိန်းငါးထောင် ခန့်ရှိနိုင်ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် စားဝတ်နေရေးခက်ခဲမှုများကြောင့် ဒေသခံများ ဘိန်းစိုက်ပျိုးပိုမိုများပြားလာကြောင်းသိရသည်။

မူးယစ်ဆေးဝါးဖျက်ဆီးခြင်းအခမ်းအနားကို ချင်းလဲန်အစိုးရဝန်ကြီးများ၊ လွှတ်တော်အမတ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ချင်းအမျိုးသားတပ်ဦး၊တပ်မတော်မှ အရာရှိများ၊ ဗဟိုတရားရုံးမှ အဖွဲ့ဝင်များနှင့် ရဲဘော်၊ ရဲမေများ၊ မဟာမိတ် အဖွဲ့အစည်းများနှင့် အတူ Farkawn ကျေးရွာ၊ Mizoram ရှိ Young Mizo Association (YMA) ၏ ဥက္ကဌ နှင့် အတွင်းရေးမှူးအပါအဝင် Farkawn ကျေးရွာကောင်စီ၏ ဥက္ကဌ တို့ တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။