ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ရက်

ရခိုင်ပြည်နယ်အတွင်း မြို့နယ် သုံးခုသာ အာရက္ခတပ်တော် (AA) က တိုက်ခိုက်ယူရန် ကျန်ရှိတော့ ချိန်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းဦးစီး ချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက လုပ်ဖော်ကိုင်ဖက်များကို ခေါင်းဆောင်မှု မပီသသူများ၏ လက်အောက်တွင် အသေမခံကြဖို့ ပြောဆိုလိုက်သည်။

“ လုပ်ဖော်ကိုင်ဖက် တပ်မှူး စစ်သည်တွေကိုတော့ ရခိုင်ပြည်ရဲ့ ပထဝီဝင်အနေအထားအရ စစ်ကူတွေ အလွယ်တကူရောက်ရှိဖို့ ခက်ခဲတယ်ဆိုတာကို တိုက်ပွဲစဉ်တွေကနေ သိရှိပြီးဖြစ်ပါတယ်။ မင်းတို့တွေ အနေနဲ့ ခေါင်းဆောင်မှု မပီသသူတွေရဲ့ အောက်မှာ အသေခံပြီး တာဝန်ထမ်းဆောင်ခြင်းမပြုကြဖို့နဲ့ အာရက္ခတပ်တော်နဲ့ အမြန်ဆက်သွယ်ပြီး တော့ လက်နက်ချအလင်းဝင်ကြပါ။ တိုက်ပွဲတွေမှာလည်း အမြန်ဆုံး အလံဖြူထောင်ပြီးတော့ လက်နက်ချကြပါ” ဟု ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် စသည့် မြို့မှ စစ်ကောင်စီ တပ်မှူးစစ်သည်များအား တိုက်တွန်းထားသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ရက်နေ့တွင် AA က သိမ်းယူပြီးနောက် ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် နပခကို သိမ်းယူသည့် ရုပ်သံမှတ်တမ်းကို ထုတ်ပြန်လာခြင်း ဖြစ်သည်။

“နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီး အပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက်ငယ်သားတွေရဲ့ အသက်တွေ ဘ၀တွေကို ငဲ့ညှာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံး နေတယ်ဆိုတာကို လက်ခံပေးပါ” ဟု ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ထပ်မံပြောသည်။

AA အနေဖြင့် လက်လွတ်စပယ် မလုပ်ဘဲ ဥပဒေနှင့်အညီ စစ်သုံ့ပန်းများကို ဆက်ဆံထိန်းသိမ်း ထားရှိကြောင်း၊ ၎င်းတို့၌ရှိသည့် ရိက္ခာဆေးဝါးများဖြင့်အစွမ်းကုန် ပြုစု ထိန်းသိမ်းစောင့်ရှောက်လျက် ရှိကြောင်းလည်း ၎င်းကဆိုသည်။

“ဒါကြောင့် အာရက္ခ တပ်တော်နဲ့ ဆက်သွယ်ပြီး အမြန်ဆုံးလက်နက်ချ အလင်းဝင် ကြပါ။ အဲဒါဆိုရင် မင်းတို့တွေရဲ့အသက်ချမ်းသာရာ ရမှာဖြစ်ပါတယ်” ဟု စစ်သုံ့ပန်း ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက ပြောသည်။

နပခ ကျဆုံးရခြင်းမှာ စစ်ကူ စစ်ကြောင်းများ အချိန်မီ ရောက်ရှိလာမှု မရှိခြင်း၊ ရောက်ရှိလာသည့် စစ်ကူစစ်ကြောင်း အချို့ သည် AA၏ ဝိုင်းပတ် ချေမှုန်းခြင်းခံခဲ့ရကြောင်း ၎င်းက ဆိုသည်။

အမ်း နပခကျရန် နောက်ဆုံးအချိန် ရောက်ရှိနေချိန်၊ ဌာနချုပ်အတွင်း သောက်စရာရေပင် မကျန်ရှိတော့သည်အထိ ခုခံကာကွယ်ခဲ့ရကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ဆိုထားသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူလူထုကို ဗုံးကြဲတိုက်ခိုက်နေမှုများအား ရပ်တန့်ပေးရန်နှင့် ဆက်လက် လုပ်ဆောင်နေမည်ဆိုပါက တပ်မိသားစုများနှင့် ပြည်သူများ၏ အမုန်းတရားများကိုသာ ရရှိခံစားရမည် ဆိုသည်ကိုလည်း သိရှိစေလိုကြောင်း ၎င်းက ထပ်မံပြောကြားသည်။

လက်ရှိတွင် စစ်ကောင်စီက အမ်း-ပဒါန်းလမ်းရှိ အမြောက်စစ်ဆင်ရေးဌာနချုပ် မစခ ၉၀၅နှင့် အမြောက်တပ်ရင်း အမတ ၃၇၅တို့ကို AAပစ်မှတ်ထားတိုက်ခိုက်လာမည်ကို စိုးရိမ်နေပြီး လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။

ထို့အပြင် ပဒါန်းနှင့် ၁၀မိုင်အကွာတွင် တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၁၄ ရှိပြီး မကွေးတိုင်းအတွင်း ကပစ ၁၃၊ ၁၂၊ ၁၀၊ ၂၀၊ ၂၊ ၂၁တို့အားလုံး ဧရာဝတီမြစ်အနောက်ခြမ်းတွင် တည်ရှိ‌နေသည့်အတွက် စစ်ကောင်စီအနေဖြင့် ကပစ စက်ရုံများကို ကာကွယ်လိုနေကြောင်း သိရသည်။

#အမ်း #နပခ #ခေါင်းဆောင်မှုမပီသ #လက်အောက် #အသေမခံကြရန် #ရခိုင်စစ်ရှုံး #စစ်ခေါင်းဆောင် #လက်ခံရန် #တိုက်တွန်း #Ayeyarwaddy_Times