ဧရာဝတီတိုင်းမ်
(ချင်း)၊ ဒီဇင်ဘာ ၂၄ ရက်

ချင်းပြည်နယ်(တောင်ပိုင်း)၊ မင်းတပ်မြို့၊ ကန်ပက်လက်မြို့၊ မတူပီမြို့နှင့် ကျင်ဒွေးမြို့တို့ကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီကင်းစင်သွားပြီဖြစ် ကြောင်းသိရသည်။

ပလက်ဝမြို့ကို အာရက္ခတပ်တော်(AA)က ပြီးခဲ့သည့် ဇန်နဝါရီလက သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် ချင်းပြည်နယ်(တောင်ပိုင်း) သည် စစ်ကောင်စီကင်းစင်သည့် နယ်မြေဖြစ်လာခဲ့ပြီဖြစ်ကြောင်းသိရသည်။

“ချင်းပြည်တောင်ပိုင်းတစ်ခွင် စစ်ကောင်စီလုံးဝကင်းစင်သွားတဲ့ နယ်မြေဖြစ်အောင် ကျွန်တော်တို့တွေ အပြင်းအထန်ကြိုးစားအားထုတ်ခဲ့ရပါတယ်။ မဟာမိတ်တွေရဲ့ အကူအညီတွေရော ပြင်တွင်း၊ ပြည်ပပြည်သူတွေရဲ့ ပါဝင်မှုတွေရောပါ။ အဓိကကတော့ မြေပြင်က ရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ၊ လေကြောင်းပြင်းထန်ဗုံးကြဲတဲ့ကြားထဲက မဆုတ်မနစ်နဲ့ သတ္တိရှိရှိ တိုက်ပွဲဝင်ရှေ့တိုးခဲ့တယ်။ အသက်တွေရင်းခဲ့ကြတဲ့ ပြည်သူတွေ အကုန်လုံးကြောင့် ကျွန်တော်တို့ ဒီချင်းပြည်တောင်ပိုင်း လုံးဝစစ်ကောင်စီကင်းစင်သွားပါပြီ။ အဲ့ဒီအတွက် အထူးဂုဏ်ယူဝမ်း မြောက်သလို ကျွန်တော်တို့ရဲ့ ကျဆုံးသွားတဲ့ရဲဘော်၊ အသက်ခန္ဓာကိုယ်ပေးကြတဲ့ ရဲဘော်တွေ အကုန်လုံးအတွက်လည်း အောက်မေ့သတိရဂုဏ်ပြုကြောင်းလည်း ပြောကြားလိုပါတယ်” ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ပြောခွင့်ရဆလိုင်းယောမာန်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

ယခု ၂၀၂၄ ခုနှစ်အတွင်းတွင် ချင်းညီနောင်ထိန်းချုပ်ထားသော နယ်မြေဒေသများကို စစ်ကောင်စီ ကင်းစင်အောင် လုပ်ဆောင်သွားမည်ဟု ချင်းညီနောင်က ထုတ်ပြန်ထားသလို လက်ရှိတွင် ၎င်းတို့ ထိန်းချုပ်ထားသော မြို့အများစုကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

ချင်းညီနောင်အနေဖြင့် ၎င်းတို့ထိန်ချုပ်သော နယ်မြေဒေသများတွင် စစ်ကောင်စီကင်းစင်သော်လည်း အခြားတော်လှန်ရေးအင်အားစုများနှင့် လွတ်မြောက်လာဦးမည့် မြို့များကို ကူညီပံ့ပိုးသွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု သိရသည်။

“ကျွန်တော်တို့ရဲ့ လွတ်မြောက်သွားတဲ့ ဒေသနဲ့ ဆက်လက်ပြီးမှ လွတ်မြောက်လာဦးမယ့် ဒေသတွေ ကိုလည်း ဆက်လက်ကူညီပံ့ပိုးသွားပြီးမှ စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင် သွားဖို့ ရှိပါတယ်။ လွတ်မြောက်သွားတဲ့ ဒေသကိုလည်း လုံးဝကာကွယ်သွားဖို့ပေါ့နော်။ ပြည်သူတွေကို ကာကွယ်သွားဖို့ စစ်ကောင်စီလုံးဝပြုတ်ကျသည်အထိ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားဖို့ ရှိပါတယ်ခင်ဗျ” ဟု ဆလိုင်းယောမာန်က ဆက်လက်ပြောဆိုသည်။

လက်ရှိချင်းညီနောင်က ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်နေပြီး မြို့ကို ထိန်းချုပ်ထားနိုင်သလို အလုံးစုံထိန်းချုပ်နိုင်ရန်အတွက် နောက်ဆုံးကျန်ရှိနေသည့် ခလရ ၂၆၈ တပ်ရင်းကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်းသိရသည်။

ပုံစာ-မင်းတပ်မြို့သိမ်း တိုက်ပွဲတွင် မြင်တွေ့ရသော CDF-မင်းတပ်တပ်ဖွဲ့ဝင်များနှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ။

#ချင်းပြည်နယ်တောင်ပိုင်း #စစ်ကောင်စီတပ်ကင်းစင် #စစ်ကောင်စီပြုတ်ကျ #ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည် #CDFမင်းတပ် #Ayeyarwaddy_Times